ဆယ်မိနစ်လျင် နိုင်ငံမဲ့ကလေးတစ်ဦးမွေးဖွားနေဟု ကုလသတိပေး

ဆယ်မိနစ်လျင် နိုင်ငံမဲ့ကလေးတစ်ဦးမွေးဖွားနေဟု ကုလသတိပေး

ဂျီနီဗာ၊ နိုဝင်ဘာ ၃ ။               ။ ဆယ်မိနစ်လျင် နိုင်ငံမဲ့ကလေးတစ်ဦးမွေးဖွားလျက်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ဆီးရီးယားပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချမှုနှင့် ဒုက္ခသည်အကျပ်အတည်းဖြစ်ပေါ်စဉ် အဆိုပါပြသနာမှာ ပိုးမိုဆိုးဝါးနေသည်ဟု ကုလက သတိပေးခဲ့သည်။

ကာလရှည် နောက်ဆက်တွဲပြသနာများအဖြစ် ကလေးများအတွက် နိုင်ငံမဲ့ဖြစ်ခြင်းက ဆေးဝါးစောင့်ရှောက်မှုမရခြင်း၊ ပညာရေးနှင့် အနာဂတ်တွင် အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းနည်းပါးခြင်း တို့ဖြစ်ပေါ်စေနိုင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ၏ အစီရင်ခံစာသစ်က ဖော်ပြခဲ့သည်။

ပြသနာမှာ ပဋိပက္ခစစ်ပွဲကြောင့် ထိခိုက်သည့်ရွှေ့ပြောင်းအခြေချသူများနှင့် ဒုက္ခသည်များကြား ဆိုးဝါးစွာဖြစ်ပေါ်လျက်ရှိသည်။ အစီရင်ခံစာကို နိုဝင်ဘာ ၄တွင် နယူးယောက်ရှိ ကုလရုံးချုပ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး(UNHCR) အန်တိုနီယိုဂုတားရက်စ်က တင်သွင်းမည်။ ဆီးရီးယားတွင် ကလေးများမှာ

၎င်းတို့၏ဖခင်မှတဆင့် နိုင်ငံသားဖြစ်ခွင့်ရရှိနိုင်သော်လည်း လေးနှစ်ကြာပြည်တွင်းစစ်က လူလေးသန်းကျော်ကို နိုင်ငံမှ ထွက်ပြေးစေခဲ့ပြီး ဒုက္ခသည်မိသားစုများမှ ၂၅ရာခိုင်နှုန်းကို ဖခင်မဲ့ဘဝရောက်စေခဲ့သည်။

၎င်းတို့၏ကလေးများ ဆီးရီးယားဖြစ်ကြောင်းသက်သေပြရန် မွေးစာရင်းမရှိသည့်အတွက် တစ်နေ့မိသားစုများနှင့်အတူ အိမ်ပြန်ရေး မျှော်လင့်ချက်များမှာ ပျက်ပြားသွားနိုင်သည်ဟု ကိုယ်ဝန်ဆောင် ဘဝနှင့် ဆီးရီးယားမှ ထွက်ပြေးခဲ့သော အမျိုးသမီးများက ကုလမှ မေးမြန်းသူများကို ပြောကြားခဲ့သည်။

ဆီးရီးယားစစ်ပွဲကြောင့် နယ်စပ်များကိုဖြတ်ကျော်စဉ် ကလေးမွေးခဲ့သော အမျိုးသမီးများအပါအဝင် လူရာထောင်များစွာမှာ ဥရောပတွင်ခိုလှုံခွင့်ရရန် ကြိုးစားနေကြသည်။

အကြီးမားဆုံးနိုင်ငံမဲ့လူများရှိနေသည့် နိုင်ငံပေါင်း ၂၀ တွင်အနည်းဆုံးနိုင်ငံမဲ့ကလေး ၇၀,၀၀၀ကို နှစ်စဉ်မွေးဖွားလျက်ရှိသည်ဟု အေဂျင်စီက ပြောသည်။ ယင်းပမာဏက ၁၀မိနစ်တိုင်း   နိုင်ငံမဲ့ကလေး တစ်ဦးမွေးဖွားနေခြင်းဖြစ်သည်။ ကလေးများကို ၎င်းတို့မွေးဖွားသော နိုင်ငံတွင် အလိုအလျောက်နိုင်ငံသားပေးသင့်သည်ဟု အေဂျင်စီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required