ပူပူပင်ပင် မအူပင် (နိုင်ငံဝန်ထမ်းဆိုတာလည်း တစ်ခါတုန်းက အသင်းကြီးပါပဲ)

ပူပူပင်ပင် မအူပင် (နိုင်ငံဝန်ထမ်းဆိုတာလည်း တစ်ခါတုန်းက အသင်းကြီးပါပဲ)

တော်တော်ကလေးများ စားမိရင် မော်တော်ကလေးများ သွားသလို တဘူဘူ တဘင်ဘင် ပေါက်လို့ မအူပင် ရောက်သွားနိုင်ပါတယ်ဆိုတဲ့ အစာကြေလေနှင်ဆေး ကြော်ငြာကို ပြည်သူများ ကြားဖူးကြမယ် ထင်ပါတယ်။ ဗမာတွေအကြိုက် နဘေကာရန်ကိုက် အော်ဟစ်ရေရွက်လိုက်သံဟာ ရထားပေါ်မှာ၊ သင်္ဘောပေါ်မှာ၊ ကားဂိတ်တွေမှာ အောင်မြင်လှပါတယ်။

အခုတော့ တဘူဘူတဘင်ဘင် မဟုတ်တော့ဘူး၊ တပူပူတပင်ပင် မဘူပင် ဖြစ်ရပါပြီ။ ပူပူပင် ပင် မအူပင်ပေါ့။ ပြည်ခိုင်ဖြိုးပါတီရဲ့ မအူပင်မြို့တွင် လှည့်လည် အင်အားပြပွဲမှာ အစိုးရဌာနဆိုင်ရာ ယာဉ်တွေ၊ စည်ပင်သာယာရေး ကော်မတီက ယာဉ်တွေနဲ့ အစိုးရဝန်ထမ်းတွေပါ ပါဝင်ခဲ့တယ်ဆိုပြီး NLD ပါတီ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဦးစိန်ဝင်းက ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြား ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့သူ ဦးအောင်ကြီးက Daily Eleven သတင်းကို ခုလို ပြောပြခဲ့ပါတယ်။ “ပြည်ခိုင်ဖြို့ပါတီက မဲဆွယ်တဲ့ နေ့တုန်းက အသုံးပြုတဲ့ ယာဉ်တွေထဲမှာ စည်ပင်ကားတွေ ပါတယ်၊ ဆောက်လုပ်ရေးကားတွေ ပါတယ်၊ ရေအရင်းမြစ်က ဝန်ထမ်းတွေကတော့ သူတို့ကိုယ်တိုင် ဆိုင်ကယ်မှာ အလံတွေထောင်ပြီးတော့ကို တက်တက်ကြွကြွ လှုပ်ရှားနေတာ ကျွန်တော်က အဲဒီမြင်ကွင်းကို မြင်လို့ ဓာတ်ပုံအထောက်အထားနဲ့ ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဒီချုပ်ကိုယ်စာလှယ်က တစ်ဆင့် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်လိုက်တာ” တဲ့။

အစောပိုင်း သတင်းတစ်ပုဒ်နဲ့ သတင်းဓာတ်ပုံမှာလည်း ဌာနဆိုင်ရာ ယာဉ်တွေကို စတစ်ကာ တွေကပ်ပြီး ပြည်ခိုင်ဖြိုး မဲဆွယ်ပွဲမှာ အသုံးပြုခဲ့ကြောင်း ဖတ်ရ၊ မြင်ရခဲ့ပါသေးတယ်။ (ကပ်ထားတဲ့ စတစ်ကာ ကပါလို့အထဲက တံဆိပ်တွေကို မြင်နေရတယ်လို့ ဆိုပါတယ်။) မအူပင်မှာ အစိုးရယာဉ်တွေရော၊ ဝန်ထမ်းတွေပါ ပြည်ခိုင်ဖြိုးကိုအားတက်သရော၊ တက်တက်ကြွကြွ ထောက်ခံ လှုပ်ရှားနေတဲ့ သဘောပေါ့။ ဘာဖြစ်သေးတုံး။ သူတို့ရင်ထဲ အသည်းထဲက နှစ်နှစ်ကာကာ မြတ်နိုးလိုလားတဲ့ ပါတီကို အားပေးကြတာ လူ့အခွင့်အရေးပဲ မဟုတ်လား၊ ဟို ဥပဒေတစ်ရပ်နဲ့တော့ နည်းနည်း ငြိစွန်းနေတယ် ထင်တာပဲ။ ဘာလဲ ဟိုဥပဒေလေ ဝန်ထမ်းတွေ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုလား၊ ဘာလား၊ ဒါလည်း ပါတီနိုင်ငံရေး ကင်းရှင်းရမယ် ပြောတာပါ။

အမျိုးသားနိုင်ငံရေးကတော့ ဆောင်ရွက်ခင့်ရှိတာပဲ၊ ဆောင်ရွက်ကြရမှာပဲ မဟုတ်လား။ တကယ်တမ်း ပြောကျကြေးဆို ပြည်ခိုင်ဖြိုးပါတီဆိုတာ အသင်း ကြီးကလာတာ၊ အသင်းကြီးဘဝတုန်းက အမျိုးသားရေးကို ဦးထိပ်ပန်ဆင်ထားခဲ့တာ၊ အဲဒီကာလမှာ ဝန်ထမ်း တော်တော်များများဟာ အသင်းဝင်တွေလေ၊ အသင်းကြီးကို လိုလားနှစ်သက် မြတ်နိုးတဲ့ အရှိန်တွေ ပါတီဘဝရောက်တဲ့အထိ (ဥပဒေတွေ ဘာတွေ ဂရုမစိုက်နိုင်ဘဲ) ဖော်ထုတ် ပြသနေကြတာ ဖြစ်မှာပါ။ အသင်းကြီးကလည်း မလွဲသာလို့ ပါတီဘဝ ပြောင်းလိုက်ရသော်လည်းပဲ ကိုယ့်ဝန်ထမ်းတွေ အပေါ်တော့ သံယောဇဉ် ဘယ်ကုန်ပါမလဲ။ အပြန်အလှန် ချိတ်ဆက်မိတော့တာပေါ့။ ဥပဒေအရ မည်သို့ပင် ဆိုစေကာမူ ဆိုတဲ့စကား ကြားဖူးတယ်မဟုတ်လား၊ နဝတ၊ နအဖတစ်ခေတ်လုံး တစ်ထည် တည်း (ထည်လဲမဟုတ် ဘူးနော်)သုံးခဲ့တာလေ ခုလည်း ဥပဒေအရ မည်သို့ပင် ဆိုစေကာမူပေါ့။

စွပ်စွဲသူတွေ စွပ်စွဲနေတော့ ပြည်ခိုင်ဖြိုးဘက်ကလည်း ဒီအတိုင်း မနေပါဘူး။ ပြန်ရှင်းပြရတော့ တာပေါ့။ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဖေဦးက “လူအုပ်က အရမ်း များတော့ ဌာနဆိုင်ရာ ကားတွေကလည်း လူအုပ်နဲ့အတူ ရောပါသွားတာမျိုးတွေ ရှိနိုင်တယ်။ နောက်ပြီးတော့ ဆောက်လုပ်ရေးကားတွေက ဌာနက ကိုယ်ကငှားရမ်းထားတာမျိုးတွေ ရှိတယ်။ အငှားကားဆိုတာမျိုးက ဘယ်ကငှားငှား လိုက်မှာပဲလေ။ လူအုပ်က အရမ်းများတော့ ဝန်ထမ်းတွေ လည်း အဲဒီထဲမှာ ပါကောင်းပါနိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တော့ မမြင်ဘူးတဲ့။ သူပြောတာ ဟုတ်မှာပါ။ လူအုပ်တွေကြားထဲ ဌာနဆိုင်ရာကားတွေ ညပ်ပြီးပါလာနိုင်တာပေါ့။ ဒီတော့ မြင်ရတဲ့ သူတွေက အရောရော အထွေးထွေး ဖြစ်တော့တာပေါ့။

ကားကလည်း လူအုပ်ထဲက တော်တော်နဲ့ ဘယ်ထွက်ရပါ့မလဲ။ ဒါဖြင့်ရင် ဌာနဆိုင်ရာ တံဆိပ်တွေကို ဘာလို့ စတေကာကပ်ထားသလဲလို့တော့ မမေးနဲ့နော်။ မောင်မှန့် အထင်ပြောရရင် ပြည်သူတွေ အထင်လွဲမှာစိုးလို့ ဖြစ်မှာပါ။ အခုလို အပြောခံရ မှာစိုးလို့ လူအုပ်ထဲ ကားစရောက်ကတည်းက ခပ်မြန်မြန်လေး တက်ကပ်လိုက်တာ ဖြစ်မှာပေါ့။ လူအုပ် ထဲ ဝန်ထမ်းတွေရော ပါတာလည်း ဖြစ်ကောင်းဖြစ် မှာပဲ။ တွေ့တဲ့သူ ဦးအောင်ကြီးကတော့ ရေအရင်း မြစ်က ဝန်ထမ်းတွေလို့တောင် အတိအကျ ပြောတာပါ။ ဒါပေမယ့် မမြင်ဘူးဆိုလည်း မမြင်ဘူးပဲထား ပါတော့။ အရေးမကြီးလှပါဘူးလေ။

အရေးမကြီးလှပါဘူးလို့ မောင်မှန်က စွတ်ရေးနေတာ၊ အအူပင်မှာပဲ အရေးကြီးချင်တာကျ တော့ အရေးကြီးပြန်ရော၊ မအူပင် သားငါးဈေးထဲမှာ NLD အလံနဲ့ အခြားပါတီ အလံတွေ မထောင်ဖို့ မဲဆွယ်စည်းရုံးမှုများ မလုပ်ဖို့နဲ့ စတေကာတွေ မကပ်ဖို့ကို ဈေးသူဈေးသားတွေကို စည်ပင်က ခေါ်ပြီး တားမြစ် လက်မှတ်ထိုးခိုင်းခဲပါတယ်။ ဈေးထဲက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်က တိုင်လို့တဲ့၊ အစည်းအဝေး မှတ်တမ်းအသံဖိုင်မှာပါတဲ့ တိုင်ကြားသူ ဦးအောင်ကျော်ဦး ပြောတာက “ပြောနေတာ တွေက လွန်လာလို့ ပြောတာ၊ ကျွန်တော်တို့ပါတီကို စော်ကားတာဟာ သမ္မတကြီးကို စော်ကားတာပဲ၊ ကျွန်တော့ပါတီရဲ့ ဥက္ကဋ္ဌက သမ္မတကြီး၊ သမ္မတကြီးကို စော်ကားရင် ထောင်ဒဏ်ပါ ပေးလို့ရတယ်” တဲ့။ ဈေးစည်ပင်အရာရှိ ဒေါ်သီသီမိုး ပြောတာကတော့ “အဓိက ရွေးကောက်ပွဲ နီးလာပြီဆိုတော့ ပါတီတွေ မဲဆွယ်တာမှာ တစ်ဦးနဲ့တစ်ဦး ပြဿနာမဖြစ်ဖို့ အခု သားငါးဈေးဆိုတာကလည်း စည်ပင် အပိုင် စည်ပင်ဈေးဆိုတော့ ကျွန်မတို့မှာ တာဝန်ရှိတယ်” တဲ့။ (ဒါလည်း အသံဖိုင်မှာ ပါတာပါ။ Daily Eleven က တရားဝင် မေးတာကို ကျွန်မတို့ ပြောခွင့်မရှိပါဘူးလို့ပဲ ဖြေခဲ့ပါတယ်။)

ဌာနဆိုင်ရာကားတွေ၊ ဝန်ထမ်းတွေ ပြည်ခိုင်ဖြိုး မဲဆွယ်ပွဲမှာ ပါတာကို NLD က တိုင်တော့ ဘာအရေးယူမှုမှ လုပ်တာ မတွေ့ရသေးဘဲ ဈေးကိစ္စကျတော့ ချက်ခြင်းကြီး အရေးကြီးသွားပါတယ်။ စည်ပင်ဈေး အရာရှိက ကော်မရှင်တာဝန်ကိုပါ ဝင်ယူနေတဲ့သဘော တွေ့ရတယ်။ ပါတီတွေ ပြဿနာမဖြစ်ဖို့ စည်ပင်မှာ တာဝန်ရှိဆိုပဲ။ ဈေးသူဈေးသားတွေဟာ ဝန်ထမ်းမဟုတ်ကြပေမယ့် စည်ပင်ရဲ့အမိန့်ကို လိုက်နာ လက်မှတ်ထိုးခဲ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ နိုင်ငံရေး မကင်းချင် မကင်း နဲ့၊ ရတယ်၊ ဈေးသူဈေးသားတွေကတော့ နိုင်ငံရေး ကင်းကိုကင်းရှင်းရမယ်ပေါ့။ (ဒါလည်း ပြောမယ့် သာပြောရ ဝန်ထမ်းတွေ NLD နဲ့ နည်းနည်း ပတ်သက်ကြည့်လိုက်ပါလား၊ ပုဒ်ထီးပုဒ်မ ပုဒ်အခြောက် အစုံအလင် ကပ်ပစ်လိုက်မှာ) ဈေးကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ယောက်ရဲ့ အပြောကို Daily Eleven မှာ ဖတ်ရတာက “ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေမှာပါတဲ့ ပြဌာန်းချက်တွေ ထဲမှာ ဈေးထဲမှာ မဲဆွယ်စည်းရုံးမှု မလုပ်ရလူးလို့ ပါတီအလံ မထောင်ရဘူးတို့ မပါဘူး။

အဲဒီလိုလုပ်ရင် ထောင်ဒဏ် ဘယ်လောက် ချမှတ်ရမယ်လို့လည်း မပါဘူး”တဲ့။ ဒါပေမယ့် သူတို့က ဈေးထဲ မဲမဆွယ် ရဆိုလည်း ချက်ခြင်း တည်တံ့သွားတာပါပဲခင်ဗျာ။ ပူပင်ရပါသော်ကော မအူပင်ရယ်။
ဆိုင်သလားတော့ မသိဘူး။ မောင်မှန် နည်းနည်းလောက် ပြောကြည်ချင်တယ်။ မဆိုင်လည်း သည်းခံတော်မူကြပါ။ ရေဦးမှာပြုလုပ်တဲ့ ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲမှာ ဒု-ဥက္ကဋ္ဌကြီး ဟောပြောပါတယ်။

ပရိသတ်ကိုလည်း မေးခွန်းတွေ အများကြီး ထုတ်သတဲ့။ “တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန် မည်သူ ပြုလုပ်သလဲ” လို့မေးတော့ ပရိတ်သက်ကြီးက တညီတညာတည်း ပြည်ခိုင်ဖြိုးလို့ အဖြေပေးပါ တယ်။ ရောင်းသူ ဝယ်သူ အသံတူပါခင်ဗျာ။ အတိုင်အဖောက်ကို ညီလို့၊ “ဘယ်သူတွေ တိုင်းပြည်လမ်း ကြောင်း လွဲအောင် လုပ်နေသလဲ”လို့ တစ်ခါ မေးပြန်ရော၊ ပရိသတ်ကြီးကလည်း အပြတ်ပဲ၊ ပြည်ခိုင် ဖြိုးလို့ပဲ ဆက်ဖြေတယ်။ အော်…တော်တော်ခက်တဲ့လူတွေ၊ လူကြီးဘာမေးတယ်ဆိုတာ သေချာနား မထောင်ဘူး။ မောင်မှန်လည်း စာထဲကနေ မေးကြည့်တယ်။ “ပရိသတ်ကြီး မအူပင်မှာ ဝန်ထမ်းတွေ မဲဆွယ်တာ၊ ဈေးထဲမှာ မဲမဆွယ်ရတာ ဘယ်သူတွေလုပ်တာလဲ”။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required