“ UEC , သတင်းမီဒီယာကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းချင်တယ်လို့ ပြောချင်ပြန် ပါပြီလား ”

“ UEC , သတင်းမီဒီယာကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းချင်တယ်လို့ ပြောချင်ပြန် ပါပြီလား ”

ကိုယ်ထမ်းဆောင်ရမယ့် တာဝန်တော့ မကျေ၊ ဟိုလူ့ကို အပြစ်တင်၊ ဒီလူ့ကို အပြစ်တင် လုပ်နေတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ဦးတင်အေးဟာ အခု မဆိုင်တဲ့အ ပေါက် ဂလိုင်နဲ့ခေါက်၊ မယောင်ရာ ဆီလူးအလုပ်ကို လုပ်နေပြန်ပါပြီ။ ဘာအလုပ်များလဲ ဆိုတာ ဒီကနေ့ ဝေဖန်ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ အောက်တိုဘာ ၁၈ နေ့စွဲနဲ့ သတင်း ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက် ခေါင်းစဉ်ကို “သတင်းဌာနများသည် မိမိတို့၏ သိက္ခာကို လေးစားပြီး မီဒီယာ ကျင့်ဝတ် များနှင့်အညီ ရေးသား ထုတ်လွှင့်သွားကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာ” ဆိုတဲ့ ခေါင်းစဉ် တပ်ထားတာပါ။ ထုတ်ပြန် ချက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာ ကတော့ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ထုတ်လွှင့်လိုက်တဲ့ ဘီဘီစီ မြန်မာပိုင်း သတင်းတစ်ပုဒ်ကို ဖော်ပြပြီး “ မတိကျ၊ မမှန်ကန်၊ ဘက်လိုက်တဲ့သတင်း” ဆိုပြီး စွတ်စွဲ ဖော်ပြတာပါ။

သတင်းထုတ်လွှင့်ချက်အကျဉ်းကို ဖော်ပြထားရာမှာ လှိုင်သာယာမြို့နယ်နေ ကိုအောင်ဆိုသူက ပြည်ခိုင်ဖြိုးပါတီဟာရေဒီယိုနဲ့ ပိုက်ဆံပေးပြီးမဲဆွယ်နေတဲ့အကြောင်း၊ မှတ်ပုံတင်နံပါတ်တွေတောင်းကြောင်း၊ သူတို့အနေနဲ့ ဆိုက်ကားတွေမှာ NLD အလံတွေ စိုက်ထူထားပြီး နဖူးစည်းများ စည်းထားကြောင်း၊ NLD ကိုသာ စိတ်ဝင်စားပြီး NLD အစိုးရဖွဲ့နိုင် ဖို့ မျှော်လင့်ကြောင်း ပြောဆိုချက် ထုတ်လွှင့်သွားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ မှတ်ချက်ကတော့ ငွေပေးပြီး မဲဆွယ်တယ်ဆိုရင် ဥပဒေနဲ့ ငြိစွန်းပြီး ထောင်ဒါဏ် ငွေဒါဏ် ချနိုင်တဲ့အကြောင်း၊ NLD အလံထောင်ထားပြီး နဖူးစီး စီးထားသူကို အခြားပါတီက ခုလို ငွေပေးမဲဆွယ် စည်းရုံးမှာ မဟုတ်တဲ့အကြောင်း၊ ငွေပေး စည်းရုံးတယ်ဆိုရင်လည်း သိက္ခာချလို၍ လုပ်ကြံ ဆောင်ရွက်ချက်ပဲ ဖြစ်မယ်လို့ ယူဆကြောင်း ဖော်ပြထား ပါတယ်။ နောက်ဆုံး ကော်မရှင်က “သတင်းဌာနတွေရဲ့ မတိကျ မမှန်ကန် ဘက်လိုက်တဲ့ သတင်းထုတ် လွှင့်ချက်တွေဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင် ရေကို ထိခိုက်စေနိုင်တယ်လို့ ယူဆကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နှစ်ပိုင်းခွဲ ဝေဖန်နိုင်ပါတယ်။ ပထမ တစ်ပိုင်းက သတင်းထုတ်လွှင့်မှု နဲ့ ဆိုင်တဲ့ အပိုင်းပါ။ ဒါနဲ့ ပတ်သက်ပြီး UEC စွတ်စွဲတာ မမှန်ကြောင်း သက်ဆိုင်ရာ သတင်းဌာနက ဖြေရှင်းသွား ပါလိမ့်မယ်။

နောက်တစ်ပိုင်းကတော့ သတင်းနဲ့ပတ်သက်ပြီး ကော်မရှင်ရဲ့ တုန့်ပြန်ပုံပါ။ ဘီဘီစီရဲ့ အသံလွှင့်ချက်ဟာ တနင်္ဂနွေနေ့မနက် ဖြစ်ပါတယ်။ ရုံးပိတ်ရက် ဖြစ်ပါတယ်။ ကြေညာချက် ထုတ်တာကလည်း ၁၈ ရက်နေ့ တနင်္ဂနွေနေ့ပဲ ဖြစ်ပါတယ်။ သေခြာတာကတော့ ဒီကိစ္စ ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားလို့ အရေးယူ ဆောင်ရွက်ပေးရတဲ့ သဘောမျိုး မတွေ့ရပါဘူး။ ပြည်ခိုင်ဖြိုးကတိုင်ရင် တနင်္လာ ရုံးဖွင့်ရက်မှာ တိုင်မယ်၊ ကော်မရှင်က အရေးယူ ဆောင်ရွက်မှု တွေ ရှိမယ်၊ လိုအပ်ရင် ကြေညာချက် ထုတ်ပေးမှာဖြစ်ပြီး ကြေညာချက်မှာ ပြည်ခိုင်ဖြိုးရဲ့ တိုင်ကြားချက်ကြောင့် ဖြေရှင်းပေးရတဲ့ သဘောမျိုး ဖော်ပြမှာဖြစ် ပါတယ်။

အခု အဲဒီ သဘော မျိုးမဟုတ်ပဲ UEC ဟာ သတင်းမီဒီယာ အားလုံးကို စောင့်ကြည့်နေတဲ့ သဘောဆောင်ပြီး ပြည်ခိုင်ဖြိုးဘက်ကို နစ်နာစေတယ်လို့ ထင်ရတဲ့ သတင်း ထုတ်လွှင့်ပြီးတာနဲ့ အချိန်မဆိုင်းပဲ တနင်္ဂနွေနေ့ကြီး အစည်းအဝေးထိုင်၊ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ သဘောမျိုး တွေ့ရပါ တယ်။ ဒီလိုမှ မယူဆရင်တော့ ပြည်ခိုင်ဖြိုးနဲ့ UEC တစ်ဖွဲ့ထဲ၊ တစ်စည်းတလုံးထဲ ဆိုတဲ့ အဓိပ္ပါ ယ် သွားထွက် မှာပါ။

ကောင်းပါပြီ။ သတင်းမီဒီယာတွေကို စောင့်ကြည့်နေတယ်ဆိုရင် မီဒီယာတွေမှာ ဖော်ပြ တာတွေထဲမှာ အခုဘီဘီစီ ဖော်ပြချက်ဟာ ဆိုးနေသလားဆိုတာ ကြည့်ကြရအောင်။ ဒါနဲ့ ပတ်သက်ရင် ဝေးဝေးကို မကြည့်ပါနဲ့။ ပြည်ခိုင်ဖြိုးပါတီရဲ့ အာဘော် ပြည်ထောင်စု နေ့စဉ် သတင်းစာကနေ ဘာတွေ ဖော်ပြနေသလဲဆိုတာကို ကြည့်ရင် ဦးတင်အေးနဲ့ ကော်မရှင် သဘောပေါက်မှာပါ။ အခုရက်ပိုင်းအတွင်း ပြည်ခိုင်ဖြိုးအာဘော် ပြည်ထောင်စု နေ့စဉ် သတင်း စာမှာ မောင်သွေးချွန်ရဲ့ “မဘသနဲ့ နိုင်ငံရေး” ဆောင်းပါးကို သုံးရက်ဆက် ဖော်ပြထားပါတယ်။ အဲဒီမှာ မမှန်ကန်တဲ့ အချက်အလက်တွေသုံးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို စွတ်စွဲ ပုတ်ခတ်ထားတာ အများကြီး တွေ့နိုင်ပါတယ်။ နမူနာ တစ်ကြောင်းလောက် ပြောပြရရင် “ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ မဲအများစုနဲ့ အနိုင်ရခဲ့ရင် လွှတ်တော်ထဲမှာ မျိုးစောင့်ဥပဒေ ကို ဖျက်သိမ်းတဲ့ မျိုးဖျက်ပွဲကြီးတွေ လုပ်လာနိုင်တယ်” ဆိုတာမျိုးပါ။

ဒီလောက်လားဆိုတော့ မကသေးပါဘူး။ ဘယ်သူတွေရေးမှန်း မသိ၊ ရင်းမြစ်တွေ မှန်မ မှန် မဆန်းစစ်နိုင်တဲ့ facebook စာမျက်နှာက လိုရာတွေ ဆွဲယူပြီး “facebook ပေါ်မှ ပြည်သူ တို့၏ အသံ” ဆိုပြီး ဖော်ပြလိုက်ပါသေးတယ်။ အဲဒီအထဲမှာလည်း အလားတူ ဒေါ်အောင်ဆန်း စုကြည်နဲ့ အင်န်အယ်လ်ဒီကို မဟုတ်မမှန် လုပ်ကြံ တိုက်ခိုက် ရေးသားထားတာတွေ အများ ကြီးပါ။ လက်ရှိ အစိုးရအဖွဲ့မှာ ဒုဝန်ကြီး ရာထူးရယူထားတဲ့ စာရေးဆရာ မောင်သန်းဆွေ (ထားဝယ်)ရဲ့ မမှန်မကန် ပြောကြားချက်တွေကိုလည်း ဖော်ပြထားပါသေးတယ်။ ဒုဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ငယ်ဘဝကို ရည်ညွှန်းပြီး “အတန်းထဲမှာ ဘယ်သူနဲ့မှ မပေါင်းပဲ ရှုတည်တည်နဲ့ မပြုံးမရယ်နေတာက ဒေါ်စုကြည်ပဲ။ ဆရာမတွေ ကိုယ်တိုင်ကလည်း ဒီလိုပဲ မြင်တယ်။ အဲ့ကတည်းက ကြည့်မရခဲ့ဘူး” ဆိုတာမျိုး။ ဒီထက်ဆိုးတာက ကိုယ်ကိုယ်တိုင် တိုက်ရိုက် မကြားလိုက်ရပဲ ဒေါ်အောင်ဆန်းစုကြည်က တကယ်ပဲ ပြောခဲ့သယောင် “ ကျွန်မ ဗမာတွေကို သိပ်မုန်းတယ်၊ ကျွန်မ အဖေကိုသတ်တာ ဗမာတွေ။ ဗမာစာက လင်တရူးစာတွေ မို့ မဖတ်ဘူး” ဆိုတာမျိုးအထိ ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါဟာ နှယ်နှယ်ရရ မဟုတ် ပါဘူး။ အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ အာဘော် ပြည်ထောင်စု နေ့စဉ်မှာ ဖော်ပြထားတာတွေ ပါ။

ပြောရရင် ဦးတင်အေးအနေနဲ့ သတင်းဌာနတွေရဲ့ ထုတ်လွှင့်မှုတွေကြောင့်“လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆ” တယ်ဆိုပြီး စွတ်စွဲချင်တယ်ဆိုရင် မီဒီယာအများစုကို လေ့လာကြည့်ရှုဖို့ လိုပါတယ်။ ပြီးမှ မျှမျှတတ ပြောဆိုဖို့ လိုပါတယ်။ အခု ပြောဆိုပုံဟာ ပြည်ခိုင်ဖြိုးပါတီဘက်က ရပ်တည် ပြောဆိုသလို ဖြစ်နေပြီး ဒါမျိုး ရွေးကောက်ပွဲကို ဒိုင်အဖြစ် ရပ်တည်မယ့် ကော်မရှင်က မလုပ် သင့်ပါဘူး။ သိပ်မကြာသေးခင်တုန်းကလည်း ဦးတင်အေးနဲ့ ကော်မရှင်ဟာ ရေဘေး၊ မတည် ငြိမ်မှုတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းသင့်တယ်လို့ ပြောခဲ့ဖူးပါသေးတယ်။ ဒီအကြောင်းပြချက်ကို သတင်းမီဒီယာတွေကရော ပြည်သူအများကပါ လက်မခံခဲ့ပါဘူး။ အခု လဲ သတင်းမီဒီယာတွေကြောင့် “လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်း စွာ ကျင်းပနိုင်ရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆတယ်” ဆိုတာမျိုးဟာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းချင်လို့ အဲလို နမိတ်ပြ ပြောဆိုတာလားဆိုတာ သံသယဖြစ်စရာ ရှိနေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required