တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ မီဒီယာများ၏ ပစ်မှတ်ထားခံနေရဟု မော်ရင်ဟိုပြော

တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ မီဒီယာများ၏ ပစ်မှတ်ထားခံနေရဟု မော်ရင်ဟိုပြော

အောက်တိုဘာ ၁၉၊ လန်ဒန် ။             ။ တိုက်စစ်မှူးဒီယေဂိုကော်စတာသည် မီဒီယာများ၏ မမျှမတပစ်မှတ်ထားခံနေရသည်ဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ထပ်မံကာကွယ်ပြော ဆိုလိုက်သည်။

ကော်စတာသည် ပြီးခဲ့သည့်လက အာဆင်နယ်မှကိုစီရယ်နီအပေါ် ကစားပုံနှင့်ပတ်သက်ပြီး အက်ဖ်အေ၏သုံးပွဲပယ်ခြင်းခံခဲ့ရကာ စနေနေ့က အက်စတွန်ဗီလာကို ၂-၀ ဖြင့်နိုင်သည့်ပွဲတွင် အဓိက ကစားသမားအနေဖြင့် ပြန်လည်ပါဝင်ကစားနိုင်ခဲ့သည်။

စတမ်းဖို့ဒ်ဘရစ်ချ်တွင်ကစားသောယင်းပွဲစဉ်၌ ကော်စတာကြောင့် အက်စတွန်ဗီလာကစားသမား အလန်ဟတ်တန် ကိုယ့်ဂိုးကိုယ်သွင်းမိသည့် ဂိုးတစ်ဂိုးရခဲ့သည့်အပြင် ကော်စတာကိုယ်တိုင်လည်း အဖွင့်ဂိုးတစ်ဂိုးကို သွင်းနိုင်ခဲ့သည်။

ကော်စတာနှင့်ပတ်သက်ပြီး မီဒီယာများ၏ဖော်ပြချက်မှာ မျှတမှုမရှိကြောင်းယုံကြည်နေသည့် မော်ရင်ဟိုက မီဒီယာများသည် ပြိုင်ဘက်များက ကော်စတာကို ဆွကစားခြင်းကို ဖော်ပြခြင်းမရှိဟု ပြောသည်။

ကော်စတာသည် အက်စတွန်ဗီလာမှ ဝက်စ်ဝုဒ်နှင့်အနည်းငယ်အချင်းများခဲ့သေးပြီး မော်ရင်ဟိုက "သူ့မတုန့်ပြန်ခဲ့လို့ ကျွန်တော်ကျေနပ်တယ်။ ဒါပေမဲ့လူတွေက သူရဲ့ကြမ်းတမ်းမှုနောက်ကွယ်က ရိုးသားမှုကိုမြင်ကြရင် ကျွန်တော်ပိုပျော်မှာပါ။

သူရဲ့ကစားပုံကို လူတွေက လက်ညှိုးထိုးကြ တယ်။ ပြီးတော့ ပုံတွေနဲ့တကွ ထပ်ဖော်ပြကြတယ်။ ပြီးတော့ အားကစားသုံးသပ်သူတွေက ထပ်သုံးသပ်ကြပြန်တယ်။

သူ့ကိုဆုံးရှုံးရချိန်မှာ အသင်းက နည်းနည်းဒုက္ခရောက်တယ်။ ဘာကြောင့်လည်းဆိုတော့ အသင်းတစ်သင်းအနေနဲ့ သူ့လိုတိုက်စစ်မှူးမျိုးကို လိုအပ်လို့ပဲ။

ကော်စတာဟာ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်တစ်ယောက်တော့မဟုတ်ဘူး။ အင်္ဂလိပ်စကားတောင် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာ မဟုတ်ဘူး။ ဒါပေမဲ့ပွဲထဲမှာတော့ သူ့ရဲ့ကစားပုံ၊ သူ့ရဲ့ပေးဆပ်မှုက သိပ်ကောင်းလွန်းပါတယ်"ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required