သဘာဝဘေးအကြောင်းပြကာ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ဦးတင်အေး ကြိုးပမ်း

သဘာဝဘေးအကြောင်းပြကာ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ဦးတင်အေး ကြိုးပမ်း

နေပြည်တော်၊ အောက်တိုဘာ ၁၃။ ။ ဒေသအချို့တွင် လတ်တလောဖြစ်ပေါ်နေသည့် မိုးကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လာမည့် နိုဝင်ဘာလ ၈ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက  နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံစဉ် အောက်တိုဘာ ၁၃ရက်က ပြောဆိုလိုက်သည်။

ကေ်ာမရှင်က ဖိတ်ကြားခဲ့သည့် အင်အားကြီးနိုင်ငံရေးပါတီ(၁၀)ခုအနက် ပါတီပေါင်း(၇)ခုတက်ရောက်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးတင်အေးက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သဘာဝဘေးအန္တရာယ်ကြောင့်ရယ်၊ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီတွေက စည်းရုံးရေးကာလဆောင်ရွက်နိုင်မလား ဒီအပေါ်မှာမူတည်ပြီးတော့ ဒီကနေ့ ဆွေးနွေးလိုက်တာပါပဲ” ဟု ဦးတင်အေးက သတင်းထောက်များကို ပြောသည်။

ရွေးကောက်ပွဲရွှေ့ဆိုင်းလိုသည့် ဦးတင်အေး၏ အဆိုပြုချက်ကို အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနှင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ထောက်ခံခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူ NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။

နိုင်ငံရေးပါတီများ အပြိုင်အဆိုင်မဲဆွယ်နေချိန်၊ ရွေးကောက်ပွဲကျင်းပရန် ၂၅ရက်တိတိသာ လိုတော့သည့် အချိန်တွင် သဘာဝဘေးအကြောင်းပြကာ ကော်မရှင်က ရွေးကောက်ပွဲရွှေ့ဆိုင်းရန် စီစဉ်လိုက်ခြင်းလည်းဖြစ်သည်။

“နာဂစ်မှာတောင်မှ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို တွန်းလုပ်ခဲ့တဲ့ဥစ္စာ၊ အခုဒီဟာက အဲ့ဒါထက်စာရင် မပြောပလောက်ဘူး။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲရက်ရွှေ့တာကို ကျွန်တော်တို့ ကန့်ကွက်တယ်” ဟု ဦးဝင်းထိန်က အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

ကော်မရှင်ဥက္ကဌဦးတင်အေးကမူ “ Referendum (လူထုဆန္ဒခံယူပွဲ) တုန်းက မြစ်ဝကျွန်းပေါ်တစ်ခုထဲဖြစ်တာကိုး၊ အခုက နေရာတကာ အနှံ့ဖြစ်နေတာပဲ။ ကနေ့သတင်းစာတွေ ဖတ်ကြည့်လိုက်ပါလား၊ ဒီလိုတော့ ကွာတာရှိပါတယ်။ နေရာတကာမှာတော့ တသမတ်ထဲ မှတ်လို့မရပါဘူး၊ အခုကန့်ကွက်တာကလည်း NLDပဲ တိတိကျကျ ကန့်ကွက်တာရှိပါတယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲရွှေ့ဆိုင်းမည့်အချိန်ကာလကိုမူ “ကြေငြာချက် မကြာမီထွက်ပါလိမ့်မယ်” ဟုဆိုကာ နိုင်ငံတစ်ကာအနေဖြင့်လည်း ပြည်တွင်းရေးကိစ္စဖြစ်သည့်အတွက် လေးစားလိုက်နာရမည်ဟု ဦးတင်အေးက ပြောသည်။

ရွေးကောက်ပွဲရွှေ့ဆိုင်းမည့် အခြေအနေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကန့်ကွက်သည်ဟု ဦးဝင်းထိန်က ယခုကဲ့သို့ရှင်းပြသည်။

“အခု ကျွန်တော် ဥက္ကဋ္ဌ(ဒေါ်အောင်ဆန်းစုကြည်)ကို သတင်းပို့ပြီးပါပြီ။ ကျွန်တော်ဥက္ကဋ္ဌကို မတိုင်ပင်ဘဲနဲ့ ကန့်ကွက်ခဲ့တာ တောင်းပန်ပါတယ်ပေါ့။ အဲ့တာ ဦးဝင်းထိန်လုပ်တာ မှန်တယ်တဲ့၊ ဆက်ကန့်ကွက်ရမှာပဲတဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှတ်ချက်အပေါ် ဦးဝင်းထိန်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ပဲခူး စသည့် တိုင်းနှင့် ပြည်နယ် ၅ခုအတွင်းရှိ ကျေးရွာအုပ်စု ၄၀၀ နီးပါးတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်သောကြောင့် ထိုနေရာများတွင် ရွေးကောက်ပွဲမကျင်းပတော့ကြောင်း အောက်တိုဘာ ၁၂ရက်က ကြေငြာချက် ထုတ်ပြန်ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required