မီးဖွားပြီး ဘယ်လောက်ကြာရင် ခရီးသွားလို့ရပါသလဲ

မီးဖွားပြီး ဘယ်လောက်ကြာရင် ခရီးသွားလို့ရပါသလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

မီးဖွားတယ်ဆိုတာ ရိုးရိုးပဲ မွေးမွေး၊ ခွဲပြီးပဲ မွေးမွေး အပြောင်းအလဲတွေ အများကြီးနဲ့ ကြုံတွေ့ရမယ့် ကိစ္စ တစ်ခုပါ။ အနေအထိုင်ဆင်ခြင်ရမယ် ၊ အာဟာရရှိတာတွေ စားရမယ်၊ အိပ်ရေးဝဝအိပ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးလည်း ဂရုစိုက်ဆင်ခြင်တယ် မိခင်ရော ကလေးရော ကျန်းမာနေတယ် ခရီးလည်း သွားချင်တယ်။ မီးဖွားပြီး သိပ်မကြာခင် ခရီးပြန်သွားလို့ရလား ။ ။

  •    
    မီးဖွားပြီးနောက်ပိုင်း ကာလဆိုတာ ကိုယ်ဝန်ဆောင်ချိန် မီးဖွားချိန်တုန်းက ပင်ပန်းခဲ့ရတဲ့ကိုယ်ခန္ဓာ အနားယူရမယ့်အချိန်ပါ။ အနားယူတယ်ဆိုတာ တစ်ပတ်လောက်နဲ့တင်မရပါဘူး။ အချိန်တော်တော်ယူပြီးမှ ကိုယ်ခန္ဓာကို အနားပြန်ပေးဖို့လိုပါတယ်။ ခရီးသွားတယ်ဆိုတာ ပျော်ရပေမယ့် မသိမသာ စိတ်ဖိစီးမှုလေးတွေ ရှိတတ်ပါတယ်။ အနားယူဖို့လိုနေတဲ့အချိန် ဖိစီးမှုတွေ ဝင်လာတာက မိခင်ရဲ့ ကျန်းမာရေးကို သက်ရောက်မှုလေးတွေ ရှိတတ်ပါတယ်။
  •     နို့ထွက်တယ် မထွက်ဘူးဆိုတဲ့ ကိစ္စဟာ မိခင်ရဲ့ စိတ်အခြေအနေ ပတ်ဝန်းကျင် အခြေအနေ အစားအသောက်နဲ့ သက်ဆိုင်တဲ့အတွက် ခရီးထွက်လိုက်ခြင်းကြောင့် နို့မထွက်တော့တာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။
  •     မီးဖွားတုန်းက ပင်ပန်းထားရတဲ့ မိန်းမကိုယ်လည်း အနာကျက်ဖို့လိုသေးတာကြောင့် လှုပ်လှုပ်ရှားရှား ပြင်းပြင်းထန်ထန်လုပ်လိုက်ရင် အနာမကျက်တော့ဘဲ ပိုဆိုးသွားနိုင်ပါတယ်။
  • ဒါဆိုမီးဖွားပြီး ဘယ်အချိန်လောက်လို ခရီးပြန်သွာလို့ရပြီလဲ ။ ။
  • မီးဖွားခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေရင်
  •     မီးဖွားပြီးနောက်ပြီး သွေးသွန်တာတို့၊ ချုပ်ရိုးက နာနေသေးတာတို့၊ သွေးတိုးနေလို့ ဆီးချိုတက်နေလို့ စတဲ ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိမယ်ဆိုရင် ရိုးရိုးမွေးထားတဲ့သူရော ခွဲမွေးထားတဲ့သူရော ခရီးမသွားသင့်သေးပါဘူး။ နောက်ပြီး ခရီးသွားမယ်ဆို ကိုယ်တစ်ယောက်တည်း မဟုတ်တော့ပါဘူး ။ ကိုယ့်ကလေးရဲ့ ကျန်းမာရေး အခြေအနေတွေကိုလည်း သိထားဖို့ လိုပါသေးတယ်။
  • နောက်ဆက်တွဲ ဆိုးကျိုးတွေ မရှိဘူးဆိုရင်ရော အားလုံးကျန်းကျန်းမာမာရှိတယ်ဆိုရင်ရော
  • ရိုးရိုးမွေးထားရင် အနည်းဆုံး ၂ပတ်လောက်စောင့်ပြီးမှ ခရီးသွားပါ။
  • ခွဲမွေးထားရင်တော့ အနည်းဆုံး ၁ လလောက်တော့ စောင့်စေချင်ပါတယ်။

မှတ်ထားသင့်တာက ကလေးမီးဖွားပြီးတဲ့အချိိန်ဆိုတာ ကလေးကိုရော အမေကိုရော ဂရုစိုက်နေရမယ့် ကာလဖြစ်တာကြောင့် ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ လုပ်လုပ် ကိုယ့်ဆရာဝန်တွေဆီ သွားတိုင်ပင်ပါ။ နောက်ပြီး အဆင်ပြေလို့ ခရီးသွားဖြစ်ခဲ့တယ်ဆိုရင်လည်း ခုပြောထားတွေကို လိုက်နာပါ။
ကိုယ်သွားမယ့် ခရီးကို ပြင်ဆင်တဲ့အခါ

  •     ဆေးရုံနဲ့ အနီးဆုံး တည်းခိုခန်း ၊ ဟိုတယ်တွေကို ကြိုရှာထားပါ။ ဒါမှ အရေးပေါ် အခြေအနေဖြစ်လာရင် ကုသမှု အမြန်ဆုံး ခံယူနိုင်မှာ ဖြစ်ပါတယ်။
  •     သက်တောင့်သက်တာ ရှိတဲ့ အဝတ်အစားတွေကိုပဲ ရွေးထည့်သွားပါ။
  •     ခရီဆောင်အိတ်ထဲမှာ ပိုက်ဆံ၊ မှတ်ပုံတင်တို့အပြင် ကိုယ်မီးဖွားတုန်းကမှတ်တမ်း၊ ဆေးမှတ်တမ်း အားလုံးကိုပါထည့်သွားပါ။

ခရီးသွားနေချိန် အတွင်းမှာလည်း

  •     တစ်ချိန်လုံးထိုင်မနေဘဲ၊ တစ်နာရီတစ်ခါလောက် မတ်တပ်ရပ်ပါ။ ခြေထောက် အကွေးအဆန့်ပြုလုပ်ပေးပါ။ ကားနဲ့ ခရီးသွားခဲ့ရင်လည်း လမ်းတစ်ထောက် ခဏခဏ နားပေးပါ။ မတ်တပ် ခဏခဏ ရပ်ပေးခြင်းကြောင့် မီးဖွားပြီးနောက်ပိုင်း အဖြစ်များတဲ့ သွေးခဲခြင်းကို သက်သာစေမှာပါ။
  •     ရေများများသောက်ပါ။ ခရီးသွားရင် ရေမသောက်ဖြစ်တတ်တာများတော့ ရေများများသောက်ဖို့ကိုလည်း မမေ့ပါနဲ့။ ကလေးနိုတိုက်ဖို့ကလည်းလိုသေးတယ်လေ။
  •     တွေ့ရာ အစားအသောက်တွေကို လျှောက်မစားပါနဲ့။ ကိုယ်မသန့်တာတွေ စားမိရင် ကိုယ်လည်း ဝမ်းလျှော ကလေးလည်း ဝမ်းလျှောနိုင်လို့ပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required