ကာမိုင်းစစ်တပ်တွင် တူးဖော်ရရှိသည့် ကချင်အမျိုးသား၏ ရုပ်အလောင်းကို ယနေ့သင်္ဂြိုလ်

ကာမိုင်းစစ်တပ်တွင် တူးဖော်ရရှိသည့် ကချင်အမျိုးသား၏ ရုပ်အလောင်းကို ယနေ့သင်္ဂြိုလ်

ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကုန်းရပ်ကွက်မှ ၃ လကျော်ကြာ ပျောက်ဆုံးသွားသော အသက် ၄၂နှစ်အရွယ် ဦးအုန်ဆောင်းတူးဂျာ၏ အလောင်းကို ကာမိုင်းစစ်တပ် (မြန်မာ့အသံကုန်း)တွင် ပြန်လည် တူးဖော်နိုင်ခဲ့ပြီး အောက်တိုဘာ ၆ ရက်တွင် သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း ကားမိုင်းမြို့ ရဲစခန်းမှ တာဝန်ကျ ရဲတပ်သား ထွန်းထွန်းအောင်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ညနေ ၅ နာရီချိန်တွင် ကားမိုင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၅၀ မှ ဗိုလ်မှူး ရဲကျော်သူ၏ စစ်ကြောင်းက ဦးအုန်ဆောင်းတူးဂျာ အပါအဝင် ဒေသခံ သုံးဦးတို့ကို ဖမ်းဆီးသွားရာမှ ဦးအုန်ဆောင်း တူးဂျာ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၅ ရက်တွင် ၎င်း၏ အလောင်းကို ကာမိုင်း စစ်တပ်ကုန်းတွင် ပြန်လည်တူးဖော်တွေ့ရှိခြင်း ဖြစ်သည်။

“ဒီနေ့ မနက် ၁၀ နာရီလောက်မှာ အရပ်သားတွေ မြုပ်တဲ့ သဂြိုင်ကုန်းမှာ သဂြိုလ်လိုက်ပါပြီ။ မနေ့က ကားမိုင်း မြန်မာအသံကုန်းမှာ သူ့အလောင်းကို တူးဖော်နိုင်ပါတယ်။ ဆေးရုံကနေတဆင့် (ရဲလုပ်ထုံးနဲ့အညီ) သူတို့ဘာသာရေး ထုံးတန်းစဉ်လာအရ သဂြိုလ်တာခင်ဗျ”ဟု ရဲတပ်သား ထွန်းထွန်းအောင်က ပြောသည်။

အောက်တိုဘာလ ၁၀ နာရီတွင် ဦးအုန်ဆောင်းတူးဂျာ၏ အလောင်းကို ခရစ်ယာန်ထုံးတမ်းအရ သဂြိုလ်ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီတွင် သေဆုံးသူ၏ နေအိမ်တွင် သတိရ ဆုတောင်းဝတ်ပြုခဲ့သည်ဟု ကားမိုင်းမြို့မှ နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာဆိုင်းအောင်က မဇ္ဈိမကိုပြောသည်။

“မနေ့က သူတို့ စစ်တပ်က အလောင်း မြုပ်ထားတဲ့ စစ်တပ်ကုန်းကနေထုတ်ပြီး။ မနေ့ကတော့ ဆေးရုံမှာ စစ်ဆေးတာ ကျနော်တို့ အထဲကို မဝင်ရဘူး။ ညက ရင်ခွဲရုံမှာထားတယ်။ ဆေးရုံမှာ စစ်ဆေးခဲ့တယ်။ အဖြေ ဘယ်လို ထွက်လာမလဲ မသိသေးဘူး”ဟု သူက ပြောသည်။

အောက်တိုဘာလ ၅ ရက်က စစ်တပ်က မြှုပ်ထားသော ဦးအုန်ဆောင်းတူးဂျာ၏ အလောင်းကို တူးဖော်နိုင်ပြီးနောက် ကားမိုင်းဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မိသားစုများ တွေ့ခွင့်မရခဲ့ဘဲ ည ရင်ခွဲရုံတွင် ထားကာ ယနေ့ နံနက်တွင် သဂြိုလ်လိုက်သည်ဟု သူက ပြောသည်။

ဦးအုန်ဆောင်းတူးဂျာနှင့်အတူ ဖမ်းဆီးခံခဲ့ရသူ ဒေသခံ ဦးသန်းလွင်၊ ဦးဖိုးသေးနှင့် ဦးဇော်ထွန်း(ခ) မောင်ကြိုင်တို့ သုံးဦးကိုမူ ဇွန်လ ၂၈ ရက်က ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။

မိသားစုက ဦးအုန်ဆောင်းတူးဂျာ၏ အလောင်းကို ပြန်ပေးရန်၊ ဘာသာရေးအရ ဝတ်ပြုဆုတောင်း၍ မြေမြှုပ်နိုင်ရန်၊ ခြေလျင်တပ်ရင်း ၂၅၀ မှ ဗိုလ်မှူး ရဲကျော်သူ နှင့် အဖွဲ့အား တရားဥပဒေအရ အရေးယူပေးပါရန် သမ္မတ ဦးသိန်းစိန်ထံ စက်တင်ဘာလ ၃ ရက်က တိုင်ကြားထားသည်။ အစိုးရ စစ်တပ်က ယခုအမှုပေါ် ပြေလည်အောင် မဆောင်ရွက်ပါက အစိုးရ စစ်ကြောင်းမှ ဗိုလ်မှူး ရဲကျော်သူ နှင့် အဖွဲ့အား လူသတ် အလောင်းဖြောက်ဖျက်မှုဖြင့် တရားစွဲသွားရန် တောင်းဆိုခဲ့သေးသည်။

သေဆုံးသူ ဦးအုန်ဆောင်းတူးဂျာနှင့်အတူ ဖမ်းဆီးခံရသူမား ပြန်လွတ်လာသော်လည်း ဦးအုန်ဆောင်းတူးဂျာမှာ ၂လကျော် ပျောက်နသဖြင့် သြဂုတ် ၁၀ရက်က ကာမိုင်းမြို့ ရဲစခန်းတွင် မိသားစုက ရှေ့နေဦးဂျီမာခါးနှင့်အတူ အမှုဖွင့်တိုင်ကြားခဲ့သည်။

သေဆုံးသူ ဦးအုန်ဆောင်းတူးဂျာ အပါအဝင် ၄ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပတ်သက်သည်ဟု သံသယဖြင့် အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဂျီမာခါးက ပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required