ရှေ့နေဟောင်းဖြစ်သူရဲ့ လွှတ်တော်ကြားနာမှုမှာ ပြောတာတွေက အလိမ်အညာတွေလို့ ထရမ့် ပြော

ရှေ့နေဟောင်းဖြစ်သူရဲ့ လွှတ်တော်ကြားနာမှုမှာ ပြောတာတွေက အလိမ်အညာတွေလို့ ထရမ့် ပြော
Photo: AFP

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ ရှေ့နေဟောင်းဖြစ်သူ မိုက်ကယ်ကိုဟန်ရဲ့ လွှတ်တော်ကြားနာမှုမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး သေးသိမ်သွားအောင် လုပ်ဖို့ ကြာသပတေးနေ့မှာ ကြိုးစားလာပါတယ်။

ထရမ့်ကို ရာဇဝတ်သားတစ်ဦးပဲလို့ မိုက်ကယ်ကိုဟန် ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး အလိမ်အညာတွေလို့ ဟနွိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောတာပါ။

“သူ ပြောတာတွေက လိမ်တာတွေ အများကြီးပဲ။”လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်နဲ့ ထိပ်သီးအစည်းအဝေးအပြီး သတငး်စာရှင်းလင်းပွဲမှာ ထရမ့်က ပြောပါတယ်။

ကိုဟန်ရဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တော်ကြားနာမှုဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွင်း ထရမ့်က ရုရှနဲ့ ပူးပေါင်းကြံစည်ခဲ့တာတွေ ရှိတယ်ဆိုတာကို သက်သေမပြနိုင်ဘူးလို့ ထရမ့်က အလေးအနက် ပြောပါတယ်။

ထရမ့်က ရုရှနဲ့ ပူးပေါင်းကြံစည်မှု ရှိတာနဲ့ ပတ်သက်ပြီး တိုက်ရိုက်တော့ သိရှိခြင်း မရှိပေမယ့် သံသယတွေ ရှိတယ်လို့ ကိုဟန်က လွှတ်တော်အမတ်တွေကို ပြောထားခဲ့တာပါ။

ကိုဟန်ကို လွှတ်တော်က ကြားနာတာကို ကင်ဂျုံးအန်နဲ့ ထိပ်သီးစည်းဝေးတဲ့ အချိန်အခါမှာ ပြုလုပ်တာကိုလည်း ထရမ့်က အပြစ်ဆိုပါတယ်။

“ဒီ ကြားနာမှုက အတုအယောင် ကြားနာမှုလို့ပဲ ကျွန်တော် ထင်တယ်။ အရမ်းအရေးကြီးတဲ့ ထိပ်သီးအစည်းအဝေး ကျင်းပတဲ့ အချိန်မှာ လုပ်ဆောင်တာဟာ တကယ်ကို ဆိုးဝါးတာတစ်ခုပဲ။”လို့ ထရမ့်က ပြောပါတယ်။

လွှတ်တော်ကြားနာမှုမှာ ကိုဟန်ဟာ ထရမ့်နဲ့ ပတ်သက်ဖူးတဲ့ အပြာမင်းသမီးကို နှုတ်ပိတ်ငွေ ပေးခဲ့ရကြောင်းအပြင် ထရမ့်ဟာ လူမျိုးရေးခွဲခြားသူ၊ လူလိမ်တစ်ဦး စသဖြင့်လည်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required