ဆစ်ခ်ဘာသာ တည်ထောင်သူ၏ ၅၄၉ နှစ်မြောက် မွေးနေ့ အိန္ဒိယနိုင်ငံအနှံ့ ကျင်းပ

ဆစ်ခ်ဘာသာ တည်ထောင်သူ၏ ၅၄၉ နှစ်မြောက် မွေးနေ့ အိန္ဒိယနိုင်ငံအနှံ့ ကျင်းပ

နယူးဒေလီ၊ နိုဝင်ဘာ ၂၄ ။        ။ အိန္ဒိယနိုင်ငံရဲ့ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်ပိုင်းမှာတော့ နိုင်ငံတစ်ဝန်းက ဆစ်ခ်ဘာသာဝင် သန်းပေါင်းများစွာဟာ ဘုရားကျောင်းတွေ သွားရောက်ဝတ်ပြုဆုတောင်းတာ၊ ဆင်းရဲသားတွေကို ပေးကမ်းစွန့်ကြဲတာတွေ လုပ်ဆောင်ကြပါတယ်။

ဆစ်ခ်ဘာသာ တည်ထောင်ခဲ့သူ ဂုရုနာနက်ဒက်ဗ်ရဲ့ ၅၄၉ နှစ်မြောက် ဖွားမြင်နေ့အဖြစ် ခုလို ပူဇော်ကျင်းပကြတာပဲ ဖြစ်ပါတယ်။

ပါကစ္စတန်ရဲ့ နယ်စပ််အနီး မြောက်ပိုင်းပန်ဂျပ်ပြည်နယ်ရှိ ရွှေဘုရားကျောင်းတော်လို အသိများတဲ့ ဆစ်ခ်ဘာသာရေး ဘုရားကျောင်းတွေမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဟာမန်ဒါးဆာဟစ်ဘ်ဘုရာကျောင်းမှာ ကျင်းပတဲ့ ပွဲတော်ကတော့ အစည်ကားဆုံးပဲ ဖြစ်ပါတယ်။

ဆစ်ခ်ဘာသာရဲ့ ဝတ်ပြုရာနေရာဌာနတွေက တစ်ခုဖြစ်ပြီး ရွှေပြားကပ် စကျင်ကျောက် ဘုရားကျောင်းဆောင်ဖြစ်တဲ့ အဲဒီ ဟာမန်ဒါးဆာဟစ်ဘ် ဘုရားကျောင်းထဲ ဝင်ရောက်ဖူးမြော်နိုင်ဖို့ ဝတ်ပြုသူတွေဟာ နံနက် ဝေလီဝေလင်းကတည်းက အအေးဒဏ်ကို အ့ံတုလို့ စောင့်ဆိုင်းနေကြတာဆိုရင်လည်း ရှည်လျားတဲ့ လူတန်းကြီး ဖြစ်နေပါတော့တယ်။

ထောင်ပေါင်းများစွာသော ဝတ်ပြုသူတွေဟာ ဘုရားကျောင်းကို ဝိုင်းပတ်ထားတဲ့ ရေကန်ထဲ ရေစိမ်တာတွေလည်း လုပ်ဆောင်ကြပါတယ်။ ဒီလို ဘုရားကျောင်းက ရေကန်မှာ ရေစိမ်ခြင်းကြောင့် ရောဂါဘေးဘယာတွေ ကင်းဝေးတယ်လို့လည်း ယုံကြည်ယူဆကြတာ ဖြစ်ပါတယ်။

ဆစ်ခ်ဘာသာဟာ ၁၅ ရာစုအတွင်း ပန်ဂျပ်ပြည်နယ်မှာ အခြေပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပဥ္စမမြောက် ကိုးကွယ်သူအများဆုံး ဘာသာတရားဖြစ်ပြီး ကိုးကွယ်ဆည်းကပ်သူပေါင်း သန်း ၃၀ ကျော် ရှိနေကြောင်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly