ပျောက်ဆုံးနေသည့် မလေးရှားကုန်တင်သင်္ဘော အပိုင်စီးခံရသည်ဟု ယူဆရ

ပျောက်ဆုံးနေသည့် မလေးရှားကုန်တင်သင်္ဘော အပိုင်စီးခံရသည်ဟု ယူဆရ

ကွာလာလမ်ပူ၊ စက်တင်ဘာ - ၁၀ ။            ။ မလေးရှားအာဏာပိုင်များမှာ ရက်သတ္တတစ်ပတ်ကြာ ပျောက်ဆုံးနေသည့် ကုန်တင်သင်္ဘောတစ်စင်းကို ရှာဖွေနေကြရာ ပင်လယ်ဓားပြမှုပွေနေသည့် တောင်တရုတ်ပင်လယ်တွင် အပိုင်စီးခံရသည်ဟု စိုးရိမ်နေကြကြောင်း ကမ်းရိုးတန်းအစောင့်တပ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မလေးရှားမှတ်ပုံတင်ထားသည့် သင်္ဘောမှာ မလေးရှား ဆာရာဝက်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက် ခုတ်မောင်းနေစဉ် လွန်ခဲ့သည့်ရက်သတ္တပတ် ကြာသပတေးနေ့မှစရျ် သင်္ဘော၏ ပိုင်ရှင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု ကမ်းရိုးတန်းအစောင့်တပ် အကြီးအကဲဖြစ်သည့် ပထမရေတပ်ဗိုလ်ချုပ် အစ္စမေးလီ ဘူဂျန် ပစ်က ပြောကြားခဲ့သည်။

MV Sah Lian သင်္ဘောမှာ သံကုန်များ၊ ပိုက်နှင့် အစားအစာ ရောရာတင်ထားပြီး မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် အိန္ဒိယနိုင်ငံသားများအပါအဝင် အမှုထမ်း ၁၄ဦး လိုက်ပါကာ ဆာရာဝက်ပြည်နယ် မြို့တော် ကူချင်းမှ လင်ဗန်းမြို့သို့  ခုတ်မောင်းနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းပင် ဖြစ်သည်။

သင်္ဘောအပိုင်စီးခံရပြီး မလေးရှားရေပိုင်နက်ထဲက ထွက်သွားပြီလို့ ကျနော်တို့ ယုံကြည်တယ်။ အင်ဒိုနီးရှားရေပိုင်နက်ထဲက နာကျူနာကျွန်းတွေအနီးမှာ ဖြစ်နိုင်တယ်ဟု အစ္စမေးလီက ပြောကြားခဲ့သည်။ နာကျူနာကျွန်းများမှာ တောင်တရုတ်ပင်လယ်အတွင်း ဘော်နီယိုနှင့် မလေးရှားပြည်မကြီးကြားရှိ အင်ဒိုနီးရှားကျွန်းစုတစ်စုပင် ဖြစ်သည်။

မလေးရှား ရေပြင်ဥပေဒစိုးမိုးရေးအေဂျင်စီက သင်္ဘောသုံးစင်းဖြင့် ရှာဖွေလျှက်ရှိပြီး ထိုင်းနှင့် ဗီယက်နမ်တို့ကိုလည်း အကူအညီတောင်းခံထားသည်ဟု အစ္စမေးလီက ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက် နိုင်ငံတကာရေကြောင်းဗျူရို (IMB)ကလည်း ယခုလက်ရှိတွင် အရှေ့တောင်အာရှရေပြင်မှာ ကမ္ဘာပေါ်တွင် ပင်လယ်ဓားပြမှု အပွေဆုံးနေရာဖြစ်နေသောကြောင့် ဒေသအာဏာပိုင်များ အနေဖြင့် ပရမ်းပတာအခြေအနေကို တားဆီးရန် ပြတ်ပြတ်သားသားအရေးယူသင့်ကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ပျောက်ဆုံးသွားသည့် မလေးရှားသင်္ဘောမှာ မကြာသေးမီနှစ်များအတွင်း ပင်လယ်ဓားပြများ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည့် သင်္ဘောဂုဏ်အင်္ဂါနှင့် အံဝင်ခြင်းတော့မရှိပေ။ ပင်လယ်ဓားပြများ ကစည်တင်သင်္ဘောငယ်များကို အများဆုံးတိုက်ခိုက်လေ့ရှိပြီး တန်ဖိုးကြီးသည့် လောင်စာနှင့် ဆီများကို စုပ်ယူပြီးမှ သင်္ဘောနှင့် အမှုထမ်းများကို ပြန်လွှတ်ပေးလေ့ရှိသည်။

ပြီးခဲ့သည့်ဇွန်လကလည်း တောင်တရုတ်ပင်လယ်တွင် မလေးရှားစည်တင်သင်္ဘောတစ်စင်း အပိုင်စီးခံခဲ့ရရာ ပင်လယ်ဓားပြများက ရက်ပေါင်းများစွာကြာအောင်ပင် အာဏာပိုင်များ၏ မျက်စိအောက်မှ ရှောင်ကွင်းနေနိုင်ခဲ့သည်။

အပိုင်စီးပြီး တစ်ပတ်အကြာတွင်မှ စည်တင်သင်္ဘောမှ အသက်ကယ်လှေတစ်စင်းဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ပုံရသည့် အင်ဒိုနီးရှားပင်လယ်ဓားပြများဟု ယူဆရသူ ၈ယောက်ကို ဗီယက်နမ်ကျွန်းတစ် ကျွန်းပေါ်တွင် ဖမ်းဆီးမိခဲ့ပြီး ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားအာဏာပိုင်များက အမှုကို စစ်ဆေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required