ရွှေတူးဖော်မှုများကြောင့် ပျက်စီးခဲ့သောလယ်ယာမြေများကို ပြန်ပြုပြင်ပေးမည်ဟု ဝန်ကြီးပြော

ရွှေတူးဖော်မှုများကြောင့် ပျက်စီးခဲ့သောလယ်ယာမြေများကို ပြန်ပြုပြင်ပေးမည်ဟု ဝန်ကြီးပြော
(ဓာတ်ပုံ-စစ်ကိုင်းတိုင်း MATA)

မုံရွာ၊ ဇွန် ရ။                            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းကျေးရွာရှိ လယ်ယာမြေများ တရားမဝင်ရွှေတူးဖော်နေမှုများ၏ စွန့်ပစ်ရေကြောင့်  ပျက်စီးခဲ့သဖြင့်   ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။

လောင်းမင်းကျေးရွာရှိ လယ်ဧက ၁၀၀ ကျော်မှာရွှေတူး ဖော်မှုများမှ စွန့်ပစ်ရေများကြောင့် ပျက်စီးခဲ့ပြီး တိုင်းအစိုးရမှ ယင်းမြေများကို ပြန်လည်ပြုပြင်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"မြေဆီလွှာတွေကို ပြန်လည်ဖြည့်ဆည်းပေးပါ့မယ်။ ပျက်စီးသွားတဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည် စိုက်ပျိုးလို့ရအောင် ပြုပြင်ပေးပါ့မယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။

အဆိုပါလောင်းမင်းကျေးရွာအနီးရှိ နတ်နန်းချောင်းရိုး တစ်လျှောက်တွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေပြီး ဖြစ်ပေါ်လာသောစွန့်ပစ်ရေများကြောင့် ချောင်းကောမှု များလည်းဖြစ်ပေါ်နေကြောင်း သိရသည်။

လောင်းမင်းကျေးရွာဒေသခံများ၏ စပါးစိုက်ခင်းများသည် ရွာနှင့်တစ်မိုင်ခန့်ဝေးသော နတ်နန်းချောင်းအား အမှီပြုကာ စိုက်ပျိုးနေကြရပြီး တောင်သူ ၃၁ ဦး၏ စိုက်ဧက ၁၂၀ ကျော်အနက်မှ ၁၀၈ ဧကမှာ နွံဖုံးကာ ပျက်စီးခဲ့ခြင်းဖြစ်သည်။

"ရွှေမျောလုပ်ကွက်တွေကနေဖြစ်လာတဲ့ စွန့်ပစ်ရေတွေဟာ ချောင်းရိုးတလျှောက်စီးဝင်ပါတယ်။ ချောင်းက တဖြည်းဖြည်းကောလာပြီးတဲ့နောက် ချင်းတွင်းမြစ်ရေကြီးတဲ့အခါမှာ နွံတွေပါလာပြီး လယ်ယာမြေ ပျက်စီးတဲ့အဆင့်ကို ရောက်လာခဲ့ပါတယ်။" ဟု ဟုမ္မလင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန့်က ပြောသည်။

နတ်နန်းချောင်းရိုးတလျှောက်သည် မိုင်(၂၀)ခန့်၊ ရှည်လျားပြီး ပုံလွန်မှော်၊ ကြာဇံချောင်းမှော်၊ နမ်နှစ်မှော်၊ မဏိစန္ဒာမှော်၊ ခိုတောင်းမှော်တို့ရှိကြပြီး ခေတ်အဆက်ဆက်ရွှေမျောလုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

နွံထု ကျရောက်မှုကြောင့် ပျက်စီခဲ့သောလယ်ယာမြေများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး MATA အဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီတို့ ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly