မြန်မာဘက်ပြန်ရေး မိမိဆန္ဒအလျှောက် ဟုတ်မဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်မှ စစ်ဆေးနေမှုကြောင့် ကြန့်ကြာနေဟု ဆို

မြန်မာဘက်ပြန်ရေး မိမိဆန္ဒအလျှောက် ဟုတ်မဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်မှ စစ်ဆေးနေမှုကြောင့် ကြန့်ကြာနေဟု ဆို
ပြန်လည်လက်ခံရေးစခန်းတစ်ခု ဖြစ်သည့်တောင်ပြိုလက်ဝဲစခန်းအား တွေ့မြင်ရစဉ် ။ဓာတ်ပုံ -သူရ/မဇ္ဈိမ

 

နေပြည်တော်၊ စက်တင်ဘာ ၂၉ ။                ။ ဇန်နဝါရီ ၂၃ မှ စတင်၍ တစ်ဘက်မှနိုင်ငံမှပြန်ဝင်လာသူများအား စတင်လက်ခံရန် အသင့်ပြင်ထားသော်လည်း ပြန်လည်ပို့ဆောင်ရန် ကြန့်ကြာနေခြင်းသည် မိမိ ဆန္ဒအလျောက် ပြန်ဝင်လာခြင်း ဟုတ်မဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်မှ UNHCR နှင့် ပူးပေါင်းစစ်ဆေးနေခြင်းကြောင့် ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“သတ်မှတ်ထားတဲ့ ဇန်နဝါရီ ၂၃က စနိုင်မယ်ဆိုပေမယ့် အဲ့နေ့ မစနိုင်ဘူးဆိုတာနဲ့ပတ်သတ်လို့တော့ ကျွန်တော်တို့ သတင်းရရှိတာကတော့ အဲ့ကျမှသူတို့က UNHCRနဲ့ ပါဝင်မှုပါနေတယ်။ အဲ့ဒီဘက်အပိုင်းမှာလေ။ဘင်္ဂလားဒေ့ရှ်မှာ။ အဲ့တော့ UNHCR က ဘာလို့လဲဆိုတော့ Voluntary ပေါ့။ Voluntary ဆိုတာ မိမိဆန္ဒ အလျောက် ပြန်လာခြင်း ဟုတ်မဟုတ်ဆိုတာကို သူတို့က UNHCRနဲ့ လည်း အဲ့ဒီရက်ကျမှ လက်မှတ်ထိုးရတယ်လို့ ကြားတယ်လေ။ သူတို့ကနေပြီးတော့ မိမိ သဘောဆန္ဒ အလျောက် ပြန်လာခြင်း ဟုတ်မဟုတ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း စိစစ်ဆောင်ရွက်ရတာပါတဲ့ အတွက်ကြောင့် ဒီလိုမျိုး ကြန့်ကြာတယ်လို့လည်း ကျွန်တော်တို့ ကြားရတယ်ပေါ့နော်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ယနေ့ ဇန်နဝါရီ ၂၉ရက်နေ့ က ကျင်းပပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းဝေးမှ ပြန်လည်ထွက်ခွာချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဝင်ရောက်လာမည့်သူများကို ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်ခဲ့သော သူဖြစ်ပါက နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီဒေသအတွင်းမှာ နေထိုင်ခွင့်ရှိသောသူဆိုရင် သူ့နေထိုင်ခွင့်ရှိသော သူရဲ့ အခွင့်အရေးရရမယ်။ အဲ့လို အသီးသီး အခွင့်အရေး တွေရှိတယ် ။ ဒါကိုလည်း ကျွန်တော်တို့က ရှင်းရှင်းလင်းလင်း   ပြတ်ပြတ်သားသား ပြန်ဝင်လာတဲ့လူတွေ ကို ကျွန်တော်တို့က နားလည်အောင်သိရှိဖို့လိုတယ် လို့ ကျွန်တော်တို့ အနေနဲ့ ယူဆရတာပေါ့” ဟုပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ထို့အပြင် ပြန်လည် ဝင်ရောက်လာသူများ ကို လုံခြုံရေးနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အကြမ်းဖက်သူများ ထပ်မံဝင်မလာဆောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် အခွင့်အလမ်းများကို ဥပဒေအရ အစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းကဆက်ပြောသည်။

“နောက်တစ်ခါ အကြမ်းဖက်မှုတွေ ထပ်မဝင်အောင်ကြိုးစားရမယ်။အကြမ်းဖက်မှုမှာ မပါဝင်အောင် ကျွန်တော်တို့ ဒီ အင်မတန်ကို ရိုးသားတဲ့ ရွာသူ ရွာသားများကို ကျွန်တော်တို့က စည်းရုံးနိုင်ရမယ်။စည်းရုံးနိုင်တယ်ဆိုတာ အကြမ်းဖက် တွေနောက်ပါမသွားဖို့စည်းရုံးနိုင်တယ်ဆိုတာ သက်ဆိုင်ရာ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ကျွန်တော်တို့က ပေးရမယ်။ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ဒီတိုင်းပေးတာ မဟုတ်ဘူး။ ဥပဒေ အရကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေကို ပေးရမယ်။ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု တွေ လုပ်ပေးရမယ်” ဟု ၎င်းကပြောကြားသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဖက်မှ ပြန်ဝင်လာမည့်သူများအား မောင်တော တောင်ပြိုလက်ဝဲနှင့် ငါးခူရဂိတ်များမှ လက်ခံသွားမည်ဖြစ်ပြီး လတ်တလောတွင် လှဖိုးခေါက် ကြားစခန်းတွင် ထားရှိရန် မြန်မာဖက်မှ စီစဉ်ထားသည်။

ပြန်ဝင်လာမည့်သူများအား မည်သည့်ရက်တွင် ပြန်လာမည်ကို အတိအကျမသိရသေးဘဲ ထွက်ပြေးသွားသည့်အရေအတွက်ကိုလည်း မြန်မာဖက်မှ အတိအကျမထုတ်ပြန်ထားသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly