ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခန့်အပ်၊ တပ်မတော်နှင့်ပြည်ခိုင်ဖြိုး အပြောင်းအလဲများ

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခန့်အပ်၊ တပ်မတော်နှင့်ပြည်ခိုင်ဖြိုး အပြောင်းအလဲများ

သြဂုတ် ၁၈ ရက် ။           ။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်မြင့်နွယ်အား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သမ္မတဦးသိန်းစိန်က ခန့်အပ်လိုက်ပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇ တို့ပါ ပြဌာန်းချက်များအရ ခန့်အပ်ခြင်းဖြစ်သည်ဟု သြဂုတ် ၁၇ ရက်စွဲဖြင့်နိုင်ငံတော်သမ္မတရုံး ကထုတ်ပြန်ချက် ကဖော်ပြ သည်။

ယခင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကိုမူ စစ်ဘက်မူလတာဝန်ကို ပြန်လည် ထမ်းဆောင်စေလိုက်ကြောင်း သမ္မတက သြဂုတ်လ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ၏ အမည်ကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအသစ်စာရင်း၌ တွေ့ရှိရပြီး ပုဗ္ဗသီရီမြို့နယ်မှ ပြည်သူ့လွှတ်တော် အရွေးခံမည်ဟု သိရသည်။

ဗိုလ်ချုပ်ကျော်ညွန့်နှင့် တစ်ရက်တည်းပင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်လည်း စစ်ဘက်မူလတာဝန်ပြန်ထမ်းစေလိုက်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်သန်းထွဋ်အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သြဂုတ် ၁၂ ရက်နေ့ကပင် ခန့်အပ်တာဝန်ပေးလိုက်ပြီးဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ဒုတိယဗိုလ်ချုပ်ကြီး) ဦးသက်နိုင်ဝင်းသည် ပြည်ခိုင်ဖြိုးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူးဖြစ်နေသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်စိုးကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သြဂုတ် ၁၁ ရက်နေ့က ခန့်အပ်လိုက်သည်။ လက်ရှိပြည်ထဲရေးဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်နေသည်။

သြဂုတ် ၁၂ ရက်နေ့က နုတ်ထွက်ခွင့်ပြုခဲ့သည်ဟုဆိုသည့် ယခင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဝန်ကြီး ဦးခင်ရီမှာ  ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်နေပြီး ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှ အမျိုးသားလွှတ်တော်ဝင်ပြိုင်မည်ဟု သိရသည်။

အလားတူ သြဂုတ် ၁၂ ရက်နေ့က နုတ်ထွက်ခွင့်ရလိုက်သည့် သမ္မတရုံးဝန်ကြီးဌာန (၅) ဝန်ကြီး (ဗိုလ်ချုပ်) ဦးတင်နိုင်သိန်းသည် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာသည်။

သြဂုတ်လ ၁၂ ရက်နေ့၌ပင် ဒုတိယဝန်ကြီးများဖြစ်သည့် ဦးပိုက်ထွေး ပြန်ကြားရေးဝန်ကြီးဌာန၊ ဒေါက်တာမောင်မောင်ဌေး သာသနာရေးဝန်ကြီးဌာန၊ ဦးသန်းထွန်း သမဝါယမဝန်ကြီးဌာန၊ ဒေါ်ဝင်းမော်ထွန်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာကျော်ကျော်ဌေးတို့အား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့် ပြုလိုက်သည်ဟု သမ္မတက ထုတ်ပြန်လိုက်သည်။

ယခုအခါ ၎င်းတို့ ၅ ဦးမှာ ပြည်ခိုင်ဖြိုးပါတီက သြဂုတ် ၁၃ တွင်ထုတ်ပြန်သည့် ဗဟိုအလုပ်အမှုဆောင်အသစ်တွင် ဗဟိုအတွင်းရေးမှူးများဖြစ်နေကြသည်။

တပ်မတော်၏ ထိပ်ပိုင်းအပြောင်းအလဲ၌မူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် သူရဦးသက်ဆွေအဖြစ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သွားပြီး ရန်ကုန်တိုင်း ကိုကိုကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်မည်။

သူ၏နေရာတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းဖြစ်လာသည်။

ယခင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းသည်လည်း သမ္မတဦးသိန်းစိန် အစိုးရတွင် ဆက်သွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်တော့မည်ဟု သိရသည်။

၎င်း၏နေရာတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် အစားထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly