ဇွန်လကုန်အထိ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ်များကို အပြီးအပိုင် ရပ်စဲနိုင်

ဇွန်လကုန်အထိ မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ်များကို အပြီးအပိုင် ရပ်စဲနိုင်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

ရန်ကုန်၊ ဇွန် ၂၉ ။           ။ သက်တမ်းတိုးထားခြင်းမရှိသေးသော ဆင်းကတ်များအားလုံးကို ဇွန်လကုန်အထိ မှတ်ပုံတင်ခြင်းမပြုလုပ်ပါက အပြီးအပိုင် ရပ်စဲနိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ယခင်က မှတ်ပုံတင်ရန်နောက်ဆုံးကာလ အဖြစ် မတ်လ ၃၁ရက်နေ့အထိ သတ်မှတ်ပေးထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံမတင်ရသေးသော သုံးစွဲသူများ ရှိနေသေးသောကြောင့် ယာယီကာလအဖြစ် ဇွန်လကုန်အထိ သုံးလသက်တမ်းတိုးကာ မှတ်ပုံတင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

 “ဆင်းကတ်မှတ်ပုံတင်တာကို အမ်ပီတီရုံးချုပ်မှာ လူကိုယ်တိုင် လာလုပ်နိုင်သလို MPT 4U ဆိုတဲ့ Application ကနေလည်း လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်” ဟု MPTမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တယ်လီနောနှင့် အူရီဒူးဆင်းကတ်များကိုလည်း အွန်လိုင်းမှတဆင့် လွယ်လင့်တကူ မှတ်ပုံတင်နိုင်ပြီး ၎င်း အော်ပရေတာများ၏ ရုံးချုပ်များတွင်သာမက နီးစပ်ရာ Showroom များတွင်လည်း ဆင်းကတ်မှတ်ပုံတင်ရန် လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းဆိုသည်မှာ ဥပဒေကြောင်းအရ ပြဋ္ဌာန်းသတ်မှတ်ချက် တစ်ခုဖြစ်ပြီး မှတ်ပုံတင် ထားခြင်းမရှိပါက နိုင်ငံတော် အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းတွေနှင့် မကိုက်ညီနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖုန်းအော်ပရေတာများအဖြစ် အမ်ပီတီ၊ တယ်လီနောနှင့် အူရီဒူးတို့ ဆောင်ရွက်လျက် ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly