KIO နှင့် အစိုးရ တွေ့ဆုံရန်အတွက် နေရာ ညှိနှိုင်း၍ မရသေး

KIO နှင့် အစိုးရ တွေ့ဆုံရန်အတွက် နေရာ ညှိနှိုင်း၍ မရသေး

ချင်းမိုင်၊ မေလ ၂ ။            ။ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် အစိုးရတို့ တွေ့ဆုံနိုင်ရန်အတွက် နေရာညှိနှိုင်းမှု အဆင်မပြေသဖြင့် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလဆန်း ပန်ခမ်းအစည်းအဝေး မစတင်မီကတည်းက အစိုးရဘက်မှ KIO နှင့် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းခဲ့ရာ ယနေ့ထိ ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ပန်ခမ်းစည်းဝေး မစခင်တော့ အစိုးရဘက်က တွေ့ဆုံဖို့ ပြောတယ်။ အဲဒီနောက် ခုထိ ဘာမှ မပြောလာတော့ဘူး။ အစိုးရဘက် အဲဒီ အချိန်ကတော့ ရွှေလီမှာတွေ့ရအောင်လို့ ပြောတယ် အခုနောက်ပိုင်းတော့ ဘာမှ မပြောလာတော့ဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးရန် ပြောဆိုခဲ့ပြီး KIO ဘက်မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် တင်ပြခဲ့သည်။ သို့သော် မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန်အတွက် အစိုးရဘက်မှလည်း လက်မခံခဲ့ဘဲ အခြားနိုင်ငံခြား တစ်နေရာတွင် တွေ့ဆုံရန် ပြောဆိုမှုများရှိသဖြင့် နှစ်ဖက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု KIO မှ အမည် မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

“တွေ့ဆုံမယ်ဆိုပြီး ဆုံးဖြတ်ချက် ချတာတော့ မရှိသေးဘူး။ အကယ်၍ ညှိနှိုင်းနိုင်ခဲ့ရင် တွေ့မယ်ဆိုတာတော့ ရှိတယ်။ အစကတည်းကနေ တွေ့ဆုံုဆွေးနွေးရမယ်ဆိုတာ   ပြောထားတာ   ဖြစ်တဲ့အတွက် တွေ့ဆုံဖြစ်ရင် တွေ့ဆုံရမယ်။ ကိုယ်စားလှယ်အဖွဲ့တွေဘဲ သွားတွေ့မယ်။ အခုတော့ ဆွေးနွေးညှိနှိုင်းနေတုန်းပဲ။ သူတို့ကတော့ နိုင်ငံခြားတစ်နေရာမှာ တွေ့ဖို့ ပြောတယ်” ဟု KIO မှ အမည် မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် KIO ဘက်မှ စစ်ဦစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့လည်း ပါဝင်တက်ရောက်ရန် အစိုးရဘက်မှ ကမ်းလှမ်းခဲ့ကြောင်း ထိုကမ်းလှမ်းချက်ကို KIO ဘက်မှ အဆင်မပြေကြောင်း အဆိုပါ KIO အရာရှိက ပြောသည်။

“သူတို့ ကမ်းလှမ်းတာကိုတော့ ကျွန်တော်တို့ဘက်က အဆင်မပြေဘူး။ တွေ့ဆုံဖြစ်မယ်ဆိုရင် ကိုယ်စားလှယ် အဖွဲ့တွေပဲ သွားတွေ့ဆုံမယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလလယ်က ကျင်းပခဲ့သော ပန်ခမ်းအစည်းအဝေးအပြီး တစ်နိုင်ငံလုံး ပစ်ခတ်တ်ုိက်ခိုက်မှု သဘောတူစာချုပ် (NCA) လမ်းကြောင်း အတိုင်း မဟုတ်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းစဉ်အတိုင်း ဆက်သွားရန် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ရ ဖွဲ့တွင် KIO လည်း ပါဝင်ခဲ့သည်။

နှစ်ဖက် တွေ့ဆုံရန် သဘောတူထားသော်လည်း နေရာ ညှိနှိုင်းနေဆဲ ဖြစ်ပြီး KIO ဘက်မှ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံမည်ဆိုပါက တရုတ်ဘက်မှ ပါဝင်လာမည်ကို အစိုးရဘက်မှ မလိုလားသဖြင့် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required