ပဲခူး၊ မတ်လ ၃၀ ။ ။ ပဲခူးတိုင်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှ လယ်သိမ်းခံတောင်သူများသည် ယခုနှစ်မိုးရာသီ စပါးစိုက်ချိန်အမီ သိမ်းဆည်းလယ်မြေများ ပြန်မရပါက ထွန်တုံးတိုက်ပွဲ ပြု လုပ်သွားမည်ဟု မတ်လ ၃၀ ရက်နေ့ က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
"အစိုးရက လယ်ယာမြေပြန်မပေးဘူးဆိုရင် ဒီနှစ်မိုးတွင်း ထွန်တုံးတိုက်ပွဲ လုပ်သွားမယ် ။ကျွန်တော်တို့ လယ်မြေတွေ ကျွန်တော်တို့ ပြန်ပြီးသိမ်းပိုက်ရမယ်"ဟု အောင်ကုန်းကျေးရွာ မှ လယ်သမားခေါင်း ဆောင် ကိုပေါက်စ က ဆိုသည် ။
၂၀၀၁ ခုနှစ်တွင် သဲကုန်းမြို့နယ် ၊ အောင်ကုန်းကျေးရွာ ကွင်းအမှတ် ၉၂၁ ၊ ၉၂၃ ၊ ၉၂၄ တို့မှ လယ်သမား ၁၂၀ ပိုင် လယ် ၁၁၅၉.၅၅ ဧက ကို ခလရ(၈၀)စစ်တပ်က သိမ်းယူ ခဲ့ပြီး သမ(၃)လိမိတက် အမည်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။
၁၉၉၂ ခုနှစ်တွင် သဲကုန်းမြို့နယ် ကြို့ရသာအုပ်စု ကန်ကြီးကုန်းကျေးရွာ ကွင်းအမှတ်၇၅၈ ၊ ရ၅၂ မှ လယ်သမား၂၂ ဦးပိုင် လယ်မြေ ဧက ၁၀၀ ကျော်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သိမ်းယူခဲ့ သည်ဟု ဆိုသည်။
"အမှန်တကယ်ဆို အကျိုးအကြောင်း ပြန်ကြားရမယ် ။ အခုအချိန်ထိအကြောင်းပြန်ကြားခြင်းမရှိဘူး ။ မရဘူးဟေ့ဆိုရင် လိုအပ်ရင် လိုအပ်သလို ဆန္ဒဖော်ထုတ်သွားမယ်"ဟု ကန်ကြီးကုန်းကျေးရွာမှ လယ်သမားခေါင်းဆောင် ဦးဇော်ဇော်က ဆိုသည်။
လယ်ယာမြေပြန်လည်ရရှိရေး အတွက် အစိုးရအဆက်ဆက် အသနားခံစာတင်ပြခြင်း ၊ ထွန်တုံး တိုက် သပိတ်စခန်းဖွင့် ၊ ဆန္ဒပြတောင်းဆိုခြင်းများပြုလုပ်ခဲ့ ပြီး ထိုလယ်များကို လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မတီက စိစစ်နေသည်။
ထိုနေ့မနက် ၁၁ နာရီက သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာ တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ရာ အောင်ကုန်း ၊ ကောကြီး ၊ သင်တော ၊ ကန်ကြီးကုန်း ကျေးရွာ တို့မှ လယ်သိမ်းခံတောင်သူများ ၊ လယ်သမားအရေးကူညီသူများ တက်ရောက်ခဲ့ ကြသည်။