သဲကုန်း၌ နေအိမ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၂ ဦး  သတ်ဖြတ်ခံရ၊ မိုင်းထောင်စဉ် ပစ်ခတ်ဖမ်းဆီးဟု စစ်ကောင်စီ ဝါဒဖြန့်

By ရွှေနွယ် (မဇ္ဈိမ)
17 August 2023
သဲကုန်း၌ နေအိမ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၂ ဦး  သတ်ဖြတ်ခံရ၊ မိုင်းထောင်စဉ် ပစ်ခတ်ဖမ်းဆီးဟု စစ်ကောင်စီ ဝါဒဖြန့်
ပုံအညွှန်း - စစ်ကောင်စီ၏ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြထားသည့် သိမ်းဆည်းရမိဟုဆိုသည့်လက်နက်များ

ပဲခူးတိုင်း ၊ သဲကုန်းမြို့နယ်တွင် လူငယ်နှစ်ဦးကို ၎င်းတို့နေထိုင်ရာနေအိမ်များ၌ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာတွင် မိုင်းထောင်နေသည့် PDF နှစ်ဦးအား ပစ်ခတ်ဖမ်းဆီး၊ အသေဖမ်းဆီးရမိဟု စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသည်။

ထိုလူငယ်များသည် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသကဲ့သို့ မဟုတ်ဘဲ ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး  ဖမ်းဆီးခံရစဉ်က အကောင်းပကတိအတိုင်းသာ လိုက်ပါသွားရခြင်းဖြစ်ကြောင်း သဲကုန်းမြို့ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

" သဲပုံစေတီကတစ်ယောက် တာဂွက တစ်ယောက်ပါ။ အိမ်မှာပဲဖမ်းသွားတာ  ခေါ်သွားပြီးမှ ပစ်သတ်တာ။ ပြီးတော့မှ လက်နက်တွေဘာတွေ ဘေးမှာ ချထားပြပြီး ဝါဒဖြန့်တာပါ။ ညပိုင်းဝင်ဖမ်းသွားတာ။ ဘာမှမိုင်းထောင်ရင်း ဖမ်းမိတာမဟုတ်ပါဘူး” ဟု သဲကုန်းမြို့ဒေသခံက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူလူငယ်နှစ်ဦးမှာ အသက် ၂၂ နှစ်အရွယ် မောင်မျိုးထက်အောင် နှင့်  အသက် ၂၃ နှစ်အရွယ် မောင်နေသူလွင်တို့ဖြစ်ပြီး ၎င်းတို့သည် သဲကုန်းမြို့နယ် အပိုင် ဝက်ပုတ်မြို့ ဒေသခံဖြစ်ကြောင်း သိရသည်။

"အိမ်ကို ညဦးပိုင်း စစ်တော့ သူတို့ အပြင်သွားနေလို့ မတွေ့သွားဘူး။ ညနက်ပိုင်း မနက် ၃၊ ၄ နာရီလောက်ဖြစ်မယ် ထင်တယ်။ တခေါက်ပြန်လာတော့ သူတို့လည်းအိမ်မှာပြန်ရောက်နေတာနဲ့ ဖမ်းသွားတာပါ။ ပြောရရင် ဖမ်းခံရစဉ်က ဘာအပြစ်မှ ကျူးလွန်နေတာမဟုတ်ပါဘူး ကိုယ့်အိမ်ကိုယ်နေနေကြတာပါ။ ပါသွားတုန်းကလည်း အကောင်းအတိုင်းပဲ" ဟု ဝက်ပုတ်မြို့ ဒေသခံတဦးကလည်း ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်သည့် တပ်ကြပ်ကြီးဖိုးစည်တွင်မူ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က "အများသူငါ သွားလာနေတဲ့ အကြမ်းဖက်သမား နှစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုရယူ၍ နှိမ်နင်းနိုင်ခဲ့” ဟု ရေးသားဖော်ပြထားသည်။

သို့သော် မည်သည့်လမ်းပိုင်းတွင် မည်သည့်အချိန်က မိုင်းထောင်ခြင်းဖြစ်သည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ထို့ပြင် အဆိုပါ လူငယ်နှစ်ဦးထံမှ UZ၊ 9MM သေနတ် တလက်၊ ကျည်အိမ် တခု၊ ကျည် ၃၀ တောင့်၊ လက်လုပ်မိုင်း နှစ်ခု၊ keypad ဖုန်း လေးလုံး၊ ဝါယာကြိုးခွေ နှစ်ခွေတို့ကို သိမ်းဆည်းရှိခဲ့သည်ဟုလည်း ဆိုသည်။

သဲကုန်းမြို့နယ်တွင် ယခု ဩဂုတ်လအတွင်း လူငယ် ၁၀ ဦးခန့် ဖမ်းဆီးခံထားရပြီးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်။ဖမ်းဆီးခံရသူများ၏ အသေးစိတ်အချက်အလက်များနှင့် နောက်ဆက်တွဲဖြစ်စဉ်များကိုမူ မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required