သဲကုန်းတွင် လက်နက်မချဘဲ ပြန်ခုခံသော နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး သေဆုံး

By ရွှေနွယ်(မဇ္ဈိမ)
20 April 2023
သဲကုန်းတွင် လက်နက်မချဘဲ ပြန်ခုခံသော နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာအုပ်စု တာဝန်ကျနယ်ထိန်း ရဲ တပ်ဖွဲ့ဝင် ဇေယျာအောင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၂) ၊ TPDF (သဲကုန်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တပ်ခွဲ(၄)မြို့ပြပြောက်ကျားအဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ် သတ်ခဲ့ကြောင်း TPDF တာဝန်ရှိသူမှ မဇ္ဈိမကို ပြောသည်။

အသက် (၂၇) နှစ်အရွယ် နယ်ထိန်းရဲတပ်သား ဇေယျာအောင်သည် ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ တွင် ၎င်းအား ဖမ်းဆီးရန်လက်နက်ချခိုင်းသော်လည်း သေနတ်ဖြင့်ပြန်လည်ခုခံသဖြင့် ပြန်လည်ပစ်ခတ် ရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့က သူ့ကို သဲကုန်းမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီ လုပ်ဆောင်နေတဲ့ လျှို့ဝှက် လုပ်ငန်းတွေ စစ်ဆေးမေးမြန်းဖို့လက်နက်ချခိုင်းပေမယ့် သူက အသင့်ပါလာတဲ့ G3 သေနတ်နဲ့ စပြီးပစ် ခတ်တဲ့အတွက် ကျွန်တော်တို့ လက်ဦးမှုရယူပြီး ပစ်ခတ်ရှင်းလင်းလိုက်ရပါတယ်" ဟု TPDF တာဝန်ရှိသူ က ပြောသည်။

ရဲတပ်သား ကိုဇေယျာအောင်သည် ဆီးစပ်ကို တစ်ချက်၊ နားထင်တစ်ချက်၊ ရင်ညွန့်တစ်ချက် စုစုပေါင်း သုံးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် သဲကုန်းမြို့နယ် ဗြဟ္မာ့အင်းကျေးရွာအုပ်စုအတွင်းပြုလုပ်နေသော လောင်းကစားဝိုင်းများ၊ တောင်သူများအား ချေးငွေပြန်ဆပ်ရန် ခြိမ်းခြောက်တောင်းခံနေမှုများ၊ သစ်မှောင်ခိုများထံမှ ငွေကြေး ကောက်ခံကာ တရားမဝင်သစ်ခိုးထုတ်မှုကို ခွင့်ပြုနေမှုများအပြင် တော်လှန်ရေးအင်အားစုများအား တိုက်ခိုက်ရန် ဦးဆောင်၍ ပျူစောထီးအဖွဲ့ ဖွဲ့စည်းနေသူဖြစ်ကြောင်း သွားပစ်ခဲ့သည့်အဖွဲ့က ပြောသည်။

“လောင်ကစားဝိုင်းက အာဏာမသိမ်းခင်ကဆို မရှိသလောက်ပဲ။ အခုဆို မြို့ပေါ် သကျ်မာန်အောင်ဘုရား ထီးတင်ပွဲကအစ ကျေးရွာတွေမှာ နေရာစုံမှာ ဆက်ကြေးယူပြီး အုပ်စုအုပ်ကြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူး တွေနဲ့ပေါင်းပြီး နေရာစုံမှာ လုပ်ကိုင်နေကြတယ်။ ကျွန်တော်တို့ဘက်ကတော့ ပြည်သူကိုဖိနှိပ်ပီး မိမိ ကိုယ်ကျိုးအတွက် စကစနဲ့ပေါင်းပြီး လုပ်ကိုင်နေတဲ့သူတွေကို ရပ်တန်းကရပ်ပါလို့ပဲ ပြောချင်ပါတယ်" ဟု TPDF တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်ရှင်းလင်းပြီးနောက် အဆိုပါ နယ်ထိန်းရဲထံမှ G3 သေနတ် တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည် ၁၁၉ တောင့်၊ ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး ၊ လက်ထိပ်တစ်ခုနှင့် ဘေးလွယ်အိတ်တစ်လုံး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းကျေးရွာများတွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ၏ဦးဆောင် ခွင့်ပြုချက် ဖြင့် လောင်းကစားဝိုင်းများအား ပေါ်ပေါ်ထင်ထင် ကျင်းပပြုလုပ်နေသောကြောင့် မြို့နယ်အသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေး တားမြစ်နေရကြောင်း ဆိုသည်။

ယင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်းမှ စစ်ကောင်စီတပ်နှင့်ရဲများသည် လောင်းကစားဝိုင်းများ၊ ပဲခူးရိုးမ ထဲမှ သစ်ခိုးထုတ်မှုများမှတဆင့် အဓိကဝင်ငွေရရှိနေပြီး လောင်းကစားဝိုင်းများတွင် ၎င်းတို့ကိုယ်တိုင် လုံခြုံရေးယူပေးနေကြကြောင်းလည်း  ဒေသခံများက ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly