သဲကုန်းမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်ဟောင်း အသတ်ခံရ

By ရွှေနွယ်(မဇ္ဈိမ)
13 October 2023
သဲကုန်းမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်ဟောင်း အသတ်ခံရ
ပုံအညွှန်း − သေဆုံးသူ ဦးစိုးအောင်

ပဲခူးတိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့နယ်၏ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးစိုးအောင်သည် ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က သဲကုန်းမြို့လယ်စျေးအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။

၎င်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီ၏ အမာခံဒေါက်တိုင် တဦးဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

“သူက ၂၀၁၀ မှာ နိုင်တယ်လေ။ ၂၀၁၅ ကျလည်း ဝင်ပြိုင်သေးတာပဲ ကြံ့ဖွံ့ကနေ။ ပြုတ်တာမနိုင်ဘူး” ဟု သဲကုန်းမြို့ဒေသခံတဦးမှပြောသည်။

ဦးစိုးအောင်အား သဲကုန်းမြို့လယ်စျေးအနီးတွင် ပစ်ခတ်ခဲ့သည်မှာ ၎င်းတို့ဖြစ်ကြောင်းနှင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) ၏ ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

“မြို့လယ်ခေါင်မှာ သေနတ်နဲ့ သုံးချက် ပစ်ခတ်ရှင်းလင်းလိုက်တာပါ။ နေရာမှာတင် ပွဲချင်းပြီးသေဆုံးပါတယ်” ဟု ပြန်ကြားရေးတာဝန်ရှိသူမှဆိုသည်။

ပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့သောအဖွဲ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) လက်အောက်ရှိ တပ်ခွဲ (၃) တပ်စု (၃) Wisdom တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

အသက် ၇၀ နှစ်ဝန်းကျင်ရှိ သေဆုံးသူ ကြံ့ခိုင်ဖွံ့ဖြိုးရေးအမတ်ဟောင်း ဦးစိုးအောင်သည် စစ်ကောင်စီ၏ အမာခံထောက်တိုင်ဖြစ်၍ သဲကုန်းမြို့နယ်အတွင်း စစ်ကောင်စီမှ ခေါ်ယူစုဆောင်းနေသော ပြည်သူ့စစ်သင်တန်းအတွက် လူအင်အားစုဆောင်းနေသူဖြစ်သောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း PDF ပြန်ကြားရေးတာဝန်ရှိသူမှ ဆိုသည်။

"တောင်ငူမှာ ခေါ်ပေးနေတဲ့ စစ်သင်တန်းအတွက် လူစုဆောင်းပေးနေတာ။ သူလွှတ်ပေးပြီး သင်တန်းပြန်လာသူ ငါးဦး။ ထပ်လွှတ်ပေးဖို့လည်းရှိသေးတယ်လို့ကြားထားတယ်" ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၁) ၏ ပြန်ကြားရေးတာဝန်ရှိသူမှ ပြောသည်။

အဆိုပါ ငါးဦးအပြင် သဲကုန်းနှင့် ပေါင်းတည်မြို့နယ်တို့တွင် စစ်ကောင်စီမှပေးသည့် ပြည်သူ့စစ်သင်တန်းပြီးထားသူ ၄၀ ဦးခန့်ရှိနေကြောင်းလည်း ၎င်းမှဆိုသည်။

စစ်သင်တန်းပြီးလာသူများအား စစ်ကောင်စီတပ်မှ ၎င်းတို့စစ်ကြောင်းထိုးရာတွင် ခေါ်ဆောင်အသုံးပြုခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားခြင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စေခိုင်းခြင်းများပြုလုပ်လျက်ရှိသည်ဟုလည်း ပြန်ကြားရေးတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့စျေးအနီးတွင် နယ်ထိန်းရဲတဦးနှင့် အငြိမ်းစားရဲအရာရှိတဦးကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ နယ်ထိန်းရဲသေဆုံးပြီး အငြိမ်းစားရဲအရာရှိ ထိခိုက်ဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required