ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဟု တပ်ချုပ်ပြော

ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဟု တပ်ချုပ်ပြော
ဓာတ်ပုံ- အီးပီအေ

နေပြည်တော်၊ မတ် ၂၇ ။            ။ အခြေခံအားဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုလိုက်သည်။

၎င်းက ယနေ့ မတ်လ ၂၇ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“အမျိုးသားရေး ဦးတည်ချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ပြည်လည်ပေါင်းစည်းရေးအတွက် စိတ်ရင်းစေတနာမှန်နဲ့ အာဃာတအစွဲအလမ်းတွေမထားဘဲ တို့မတပ်မတော်အနေနဲ့ ပူးပေါင်းတည်ဆောက်လျက်ရှိတယ်။ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ ယနေ့ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေကို လေ့လာကြည့်လျှင် အခြေခံအားဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး ဖြစ်တယ်ဆိုတာတွေ့နိုင်တယ်”ဟု တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံများသည် နိုင်ငံရေး၊ လူမျိုးရေး အမြင်ကျဉ်းမှုနဲ့ လူမျိုးကြီးဝါဒ၊ ဘာသာရေး အစွန်းရောက်မှုတွေကြောင့် လက်နက်စွဲကိုင်နေကြခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်သည်။

ယင်းသို့ လက်နက်စွဲကိုင်မှုများသည် နိုင်ငံရေး အယူဝါဒလွဲမှုဟု ဆိုလိုက်ပြီး လက်နက်ကိုင်မည့်အစား နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် တိုက်တွန်းလိုက်သည်။

“ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကိုကြည့်ရင် နိုင်ငံရေး၊ လူမျိုးရေး အမြင်ကျဉ်းမှုနဲ့ လူမျိုးကြီးဝါဒ၊ ဘာသာရေးစွန်းရောက်မှုတွေကြောင့် လက်နက်စွဲကိုင်နေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးအယူဝါဒ ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။

အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တပ်မတော်အနေဖြင့် ၂၀၁၁ခုနှစ် သြဂုတ်လ (၁၈)ရက်နေ့မှ စပြီး တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းတည်ဆောက်ရန် ဖိတ်ခေါ်ခဲ့ကာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးရယူလိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေးအတွက် NCA(Nationwide Casefire Agreement_NCA) တွင် လက်မှတ်ရေးထိုးရန်အတွက် ကျန်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်တိုက်တွန်းလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly