တနင်္သာရီ တိုက်ပွဲ စစ်ကောင်စီတပ်က ၆ ဦးသေ

By ကိုရွှေမြိတ်(မဇ္ဈိမ)
08 November 2023
တနင်္သာရီ တိုက်ပွဲ စစ်ကောင်စီတပ်က ၆ ဦးသေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ခြောက်ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

တနင်္သာရီမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်ပြီး၊ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၏ စစ်ကြောင်း (၁)က နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ (၅၆၁) တပ်ရင်းမှ သိန္ဓောစခန်းသို့ ရိက္ခာပို့ဆောင်ရန်သွားသည့် ခြေလျင်စစ်ကြောင်းကို  ဘန်ကျုတ်ကျေးရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရ သည်။

 နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ကလည်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း စစ်ကြောင်း(၁)၏ သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းရွာနှင့် ကဏန်းကွင်းရွာကြားတွင် ဒုတိယအကြိမ် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထပ်မံ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် တိုက်ပွဲ ငါးနာရီကျော် ကြာမြင့်ခဲ့ပြီးနောက်  စစ်ကောင်စီတပ်ဘက်က ငါးဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီကာလက တနိုင်ငံလုံး စစ်ရေးတိုးမြှင့် တိုက်ခိုက်မယ့်ကာလဖြစ်သလို စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း စနစ်တကျ စုစည်းလာပြီဖြစ်တာမို့ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာလိမ့်မယ်၊ အကြမ်းဖက်စစ်ကောင်စီတွေ တပ်စွဲထားတဲ့ ဘယ်နေရာမှာမဆို တိုက်ပွဲ ဖြစ်လာလိမ့်မယ်၊ ဒါကြောင့် နေရာတိုင်းမှာ သွားလာတာတွေ ဂရုစိုက်ပါ၊ ပြင်ဆင်သင့်တာ ပြင်ဆင်ထားကြပါ၊ လုံခြုံရေး သတိပေးချက်တွေကို လိုက်နာပေးကြပါ” ဟု တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုစတားက ပြောသည်။

 ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်ကလည်း ရဲဘော် သုံးဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီတပ်၏ ၆၀ မမ ဗုံးသီး ခုနစ်လုံးနှင့် MA1 ကျည်အိမ် တခု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နှစ်ဖက် တိုက်ပွဲတွင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်းနှင့်အတူ တနင်္သာရီမြို့နယ်အခြေစိုက် ကော်သူးလေအာမီ (KTLA) မှလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သလို တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း စစ်ကြောင်း(၁) ၊ တနင်္သာရီ ပကဖ၊ မြိတ် ပကဖ နှင့် မြိတ်ခရိုင် တပ်ရင်း(၂) ၏ တပ်ခွဲ (၁) တို့မှလည်း ပူးပေါင်း ပါဝင်ခဲ့‌ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required