ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မီလန်မှာ ပီအက်စ်ဂျီ ပရိသတ် ဓားထိုးခံခဲ့ရ

By AFP
08 November 2023
ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မီလန်မှာ ပီအက်စ်ဂျီ ပရိသတ် ဓားထိုးခံခဲ့ရ

အေစီမီလန်မှာ ယှဉ်ပြိုင်ကစားမယ့် ပြင်သစ်ကလပ်ရဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ခေါင်းစွပ်ဝတ်ဆင်ထားတဲ့ တိုက်ခိုက်သူတွေက ပဲရစ်စိန့်ဂျာမိန်း ပရိသတ်တဦးကို ဓားနဲ့ထိုးခဲ့တယ်လို့ အီတလီရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။

တနင်္လာနေ့ညက မီလန်မြို့မှာ အမည်မဖော်လိုသူ ပြင်သစ်အမျိုးသားဟာ "ခြေထောက်မှာ ဓားဒဏ်ရာနှစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်"ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Corriere della Sera သတင်းစာက အဲ့ဒီအမျိုးသားဟာ အသက် ၃၄ နှစ်ဖြစ်ပြီး သူ့ရဲ့အသက်အန္တရာယ်မှာ မစိုးရိမ်ရကြောင်း ပြောပါတယ်။

"အေစီမီလန်ဟာ အကြမ်းဖက်မှုပုံစံတိုင်းကို ရှုတ်ချပါတယ်၊ ကျုပ်တို့အတွက် ဘောလုံးက စိတ်အားထက်သန်မှုဖြစ်ပြီး မုန်းတီးမှု မဟုတ်ပါဘူး။ အားကစားဟာ စည်းလုံးဖို့ပါ။ မကွဲပြားရဘူးလို့ ဆိုရမှာပါ။"လို့ မီလန်က အတိုချုံးထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

အီတလီနိုင်ငံမြောက်ပိုင်း Navigli ဧရိယာမှာ ရှိနေတဲ့ မီလန်ပရိသတ် ၅၀ ဝန်းကျင်နဲ့ ပြင်သစ်ပရိသတ်တို့ကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ရဲတပ်ဖွဲ့ကို ပြောပါတယ်။

ကော်ဖီဆိုင်တွေ၊ အရက်ဆိုင်တွေနဲ့ ညဘက်မှာ နာမည်ကြီးတဲ့ တူးမြောင်းဘေးမှာ အမျိုးသားတစုကို အီတလီသတင်းဝက်ဆိုက်တွေက လူမှုမီဒီယာမှာ မျှဝေထားတဲ့  ဗွီဒီယိုပုံတွေမှာ ပြသထားပါတယ်။

မီးရှူးမီးပန်းတွေ ကိုင်ဆောင်လာရင်း သူတို့ဟာ ရုတ်တရက် လှည့်ပြီး တခြားအမျိုးသားတသိုက်ဆီ ပြေးသွားကြပါတယ်။ အဲဒီထဲက တချို့ဟာ ခေါင်းစွပ်တွေ ဝတ်ဆင်ထားပြီး နံပါတ်တုတ်တွေလိုမျိုးကို ကိုင်ဆောင်ထားပါတယ်။

အလားတူ မြို့ရဲ့ အဲဒီနေရာမှာပဲ မီလန်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် နယူးကာဆယ်ယူနိုက်တက် ပရိသတ်တဦး ဓားထိုးခံခဲ့ရပြီးနောက် နှစ်လမပြည့်မီမှာ ဒီလိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ၊

ဥရောပချန်ပီယံ ခုနစ်ကြိမ်ရ မီလန်ဟာ အုပ်စု (F) မှာ နှစ်မှတ်အသာဖြင့် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီနဲ့ အင်္ဂါနေ့မှာ လက်ခံကစားရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က Parc des Princes ကွင်းမှာ အီတလီကလပ်ကို ၃-၀ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ပြီးနောက် သူတို့ဟာ ရေပန်းအစားဆုံးဖြစ်လာပါတယ်။

အုပ်စုတွင်း လေးသင်းစလုံးဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးကိုယ်စီ ရှိတာမို့ အင်္ဂါနေ့ပွဲစဉ်က နှစ်သင်းလုံးရဲ့ ရလဒ်က နောက်တဆင့်တက်ရေးအတွက် သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။

မီလန်ဟာ သူတို့ရဲ့ အဖွင့် သုံးပွဲမှာ သွင်းဂိုးမရရှိခဲ့ဘဲ ရမှတ်နှစ်မှတ်ဖြင့် အုပ်စုအောက်ဆုံးမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required