တိုက်စစ်မှူးလိုအပ်ချက်အရ မန်ယူလူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရွေးချယ်

တိုက်စစ်မှူးလိုအပ်ချက်အရ မန်ယူလူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရွေးချယ်

မတ် ၁၆၊ အင်္ဂလန် ။                ။ ဂျာမနီ၊ လစ်သူယေးနီးယားတို့နှင့် ကစားရမည့် ပွဲစဉ်များအတွက် အသက် ၁၉ နှစ်အရွယ်ရှိ မန်ယူလူငယ်တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ခေါ်ယူလိုက်သည်။

အင်္ဂလန်အသင်း၏ အဓိက တိုက်စစ်မှူးများဖြစ်သော ရွန်နီနှင့် ဟယ်ရီကိန်းတို့မှာ ဒဏ်ရာပြဿနာများ ရှိနေခြင်းကြောင့် နည်းပြ ဆောက်ဂိတ်က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရွန်နီမှာ ခြေထောက်ဒဏ်ရာရရှိနေပြီး ကိန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းသည် မတ်လ ၂၆ ရက်နေ့တွင် လစ်သူယေးနီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမည် ဖြစ်ပြီး ထိုပွဲမတိုင်ခင်၌ ဂျာမနီအသင်းနှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်နှစ်က အင်္ဂလန်အသင်းတွင် စတင်ရွေးချယ်ခံခဲ့ရပြီး ပထမဆုံးအဖွင့်ပွဲမှာတင် သြစတြေးလျအသင်းကို ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ အင်္ဂလန်နှင့် ယူရိုပြိုင်ပွဲတွင် ပါ၀င်ခွင့်ရခဲ့သူလည်း ဖြစ်သည်။

ယခုနှစ်ရာသီတွင် ရက်ရှ်ဖို့ဒ်မှာ မန်ယူအသင်းတွင် အရန်ကစားသမားအဖြစ်သာ ကစားနေရပြီး လာမည့်နွေရာသီတွင် ကျင်းပမည့် ဥရောပ ယူ-၂၁ ပြိုင်ပွဲအတွက် အင်္ဂလန်ယူ-၂၁ အသင်းနှင့်အဓိက   ပြင်ဆင်နေသူဖြစ်သော်လည်း အသင်းကြီး၏တိုက်စစ်မှူးလိုအပ်ချက်အရ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required