ဦးကိုနီ လုပ်ကြံခံရမှု နောက်ဆက်တွဲ အစိုးရက ယနေ့ သတင်းထုတ်ပြန်ဖို့ရှိ

ဦးကိုနီ လုပ်ကြံခံရမှု နောက်ဆက်တွဲ အစိုးရက ယနေ့ သတင်းထုတ်ပြန်ဖို့ရှိ
ဦးကိုနီ၏ နောက်ဆုံးခရီး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၇)။ ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေများကို အစိုးရက ယနေ့သတင်းထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၃ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

“ဒီနေ့ ဦးကိုနီနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက် ထုတ်မယ်။ အခု လုပ်နေပြီ” ဟု ၎င်းက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီအား သေနတ်သမားတစ်ဦးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 အရှေ့တွင် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးကိုနီမှာ ဖြစ်စဉ်နေရာတွင်ပင် ဇန်နဝါရီ ၂၉ရက်၊ ညနေ ၅နာရီက သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ပြီးနောက် ထွက်ပြေးခဲ့သည့် သေနတ်သမားအား လိုက်လံဖမ်းဆီးခဲ့သည့် လေဆိပ်ရှိ အငှားယာဉ်မောင်းများအနက် အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ အသက်(၄၈)နှစ်အရွယ် ဦးနေဝင်းမှာလည်း သေနတ်သမားက ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ကြည်လင်းဆိုသူကိုလည်း ဖမ်းမိထားပြီးဖြစ်သည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၃၀ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သေးရာ ထုတ်ပြန်ချက်တွင် ““ကနဦး စစ်ဆေးချက်များအရ ထိုဖြစ်စဉ်သည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်” ဟု ဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly