ဖိလစ်ပိုင်တွင် ဘတ်စ်ကား လျှိုထဲထိုးကျမှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံး

By ရိုက်တာ
06 December 2023
ဖိလစ်ပိုင်တွင် ဘတ်စ်ကား လျှိုထဲထိုးကျမှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံး
Photo-AFP

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း အန်းတစ်ခ်ပြည်နယ်တွင် လူဒါဇင်များစွာ လိုက်ပါလာသော ဘတ်စ်ကားတစီး ဘရိတ်ပေါက်ကာ ချောက်ကမ်းပါးတခုမှ လျှိုထဲ ထိုးကျသွားမှုကြောင့် လူ ၁၆ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။

ဆေးရုံသို့ ရောက်ရှိသွားများအနက် လူရှစ်ဦးက အခြေအနေ စိုးရိမ်ရပြီး လေးဦးက မစိုးရိမ်ရကြောင်း အန်းတစ်ပြည်နယ် အုပ်ချုပ်ရေးမှူး ရိုဒိုရာ ကက်ဒီယိုက DZRH ရေဒီယိုစတေရှင်ကို ပြောသည်။

အစောပိုင်းက သေဆုံးသူ ၂၈ ဦး ရှိကြောင်း ပြည်တွင်းမီဒီယာတွင် ဖော်ပြသော်လည်း လက်ရှိတွင် အတည်ပြုထားသည့် သေဆုံးသူဦးရေမှာ ယင်းထက် နည်းပါးသည်။

ခရီးသည်တင်ဘတ်စ်ကားသည် ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက အီလွိုင်လို ပြည်နယ်မှ အန်းတစ်ခ်ပြည်နယ် ကူလာဆီမြို့ကို ဦးတည် မောင်းနှင်လာစဉ် အကွေ့အကောက်များသည့် လမ်းတနေရာတွင် ဘရိတ်ချို့ယွင်းပြီး ၃၀ မီတာ (၉၈ ဒသမ ၅ ပေ) လျှိုတခုထဲသို့ ထိုးစိုက်ကျသွားခြင်း ဖြစ်ကြောင်း ကက်ဒီယိုက ပြောသည်။

“အဲဒီနေရာကို ကျွန်တော်တို့က သေမင်းတမန် လမ်းကွေ့လို့ ခေါ်ပါတယ်။ ဒီဘတ်စ်ကားမတိုင်မီ အရင်ကလည်း အဲဒီနေရာမှာပဲ ဘတ်စ်ကားတစီး ထိုးကျထားခဲ့ပါသေးတယ်” ဟု ကက်ဒီယိုက ပြောသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် တွေ့ရှိသော ရုပ်အလောင်းအားလုံးကို သယ်ယူပြီးစီးပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ထားလိုက်ပြီဖြစ်ကြောင်း အန်းတစ်ခ် ပြည်နယ်အစိုးရက ဖေ့ဘွတ်ခ်မှတဆင့် ပြောသည်။

ဘတ်စ်ကားပေါ် လိုက်ပါလာသည့် ခရီးသည်စုစုပေါင်း ၅၃ ဦး ရှိမည်ဟု ခန့်မှန်းထားပြီး ယင်းကို အတည်ပြုရဦးမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောသည်။

ဖိလစ်ပိုင်သည် အများပြည်သူ သယ်ယူပို့ဆောင်မှုပိုင်းအပေါ် စည်းမျဉ်းကြပ်မတ်မှု လျော့ရဲခြင်း၊ လမ်းများကို ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းတို့အတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required