ရခိုင်တိုက်ပွဲ ၂ ပတ်အတွင်း အရပ်သား ၂၇ ဦး သေဆုံး

By ဓါတု(မဇ္ဈိမ)
06 December 2023
ရခိုင်တိုက်ပွဲ ၂ ပတ်အတွင်း အရပ်သား ၂၇ ဦး သေဆုံး

ရခိုင်ပြည်နယ်တွင် ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာ တိုက်ပွဲများကြောင့် အရပ်သား သေဆုံးသူ ၂၇ ဦးရှိပြီး ထိခိုက်သူ ဦးရေ ၁၀၄ ဦးရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါစာရင်းသည် နိုဝင်ဘာလ ၁၃ ရက်မှ ၃၀ ရက်အထိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အရေအတွက်ဖြစ်ပြီး ယင်းသည် “အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်” ခြင်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီက အရပ်သား ၈၁ ဦးကို ဖမ်းဆီးထားပြီး ယင်းအနက် အသက်မပြည့်သေးသော ၁၈ နှစ်အောက် ခြောက်ဦးပါရှိပြီး အစ္စလာမ်ဘာသာဝင် ၁၄ ဦးပါရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ရက္ခိုင့်တပ်တော်(AA)မှ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ခဲ့ရာ ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝဒေတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၀)မှ  မြောက်ဦးမြို့အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့အပြင်  တိုက်ပွဲပြင်းထန်နေသည့် ပေါက်တောမြို့ င/ပြီကျွန်းတွင် ရပ်နားထားသော စစ်ကောင်စီတပ်၏ ရေတပ်မှ ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးငယ် တဦး၏ ခြေထောက်ကို လက်နက်ကြီးကျည် ထိမှန်ခဲ့သည်။

ထို့ပြင် နယ်စပ်ရေကြောင်းကုန်သွယ်ရေးမြို့ မောင်တောဒေသတွင်လည်း မောင်တောမြို့အဝင် စစ်ကောင်စီတပ်၏ နယ်ခြားစောင့်တပ်ခွဲ-နခခ (၅) က ပစ်ခတ်သော လက်နက်ကြီးသည် ရွှေရင်အေးကျေးရွာကို ကျရောက်ပေါက်ကွဲပြီး ဒေသခံများထိခိုက်မှုရှိနိုင်ကြောင်း မောင်တောမြို့ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

"မြို့တောင်ပိုင်းက ရွှေရင်အေးရွာနား တဝိုက်ပစ်နေတာ မနေ့ကနေ့လည် ၂ နာရီ ၃ နာရီလောက်က လေးချက်ရှိတယ်၊ လက်နက်ကြီးနဲ့ပစ်တာ၊ နေ့တိုင်းလိုလိုပါပဲပစ်နေတာ၊ အဲ့ဒီရွာက လူတွေဖုန်းတွေ စက်ပိတ်ထားလို့ ထိခိုက်မှုရှိပေမယ့်စာရင်းသေချာမသိရဘူး၊ ရွာထဲကပြေးကုန်ကြပြီ၊ ဒီဘက်မှာလည်း ဆန်ပြတ်သွားပြီ၊ ဒီလကုန်ရင်လုံးဝပြတ်ပြီး ငတ်ကုန်ကြမှာ"ဟု မောင်တောမြို့ခံက ပြေသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယနေ့ ဒီဇင်ဘာလ ၆ ရက်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်ဖြစ်နေပြီး ပေါက်တောမြို့နှင့် ပလက်ဝမြို့တို့တွင် စစ်ရေးပိုမိုပြင်းထန်နေသည်။

ထို့ပြင် အခြေခံစားသောက်ကုန်များ အဓိကဝင်သည့် ပြည်မလမ်းကြောင်းများကိုလည်း စစ်ကောင်စီတပ်က ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံများ စားသောက်ကုန် ပြတ်လုနီးပါး အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူများက ပြောသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly