ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီကြောင့် စျေးဆိုင် ၃၇၉ ခန်း၊အိမ်၁၃၀ ကျော်မီးလောင်ပျက်စီးဟု AAထုတ်ပြန်

By ဓါတု(မဇ္ဈိမ)
06 December 2023
ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီကြောင့် စျေးဆိုင် ၃၇၉ ခန်း၊အိမ်၁၃၀ ကျော်မီးလောင်ပျက်စီးဟု AAထုတ်ပြန်
ပုံအညွှန်း -ပုဏ္ဏားကျွန်းမြို့မစျေး မီးလောင်နေသည့်ပုံ (Photos-CJ)

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏လက်နက်ကြီးနှင့်အကြောင်းမဲ့မီးရှို့မှုများကြောင့် မြို့မစျေးမှ ဆိုင်ခန်းပေါင်း ၃၇၉ ခန်းနှင့်အိမ်ခြေ ၁၃၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်းမြို့ လတ်တလောအခြေအနေကို ယနေ့ဒီဇင်ဘာလ ၆ရက်နေ့ နံနက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၄ ရက် နေ့လည်ပိုင်းက ပုဏ္ဏားကျွန်းမြို့သို့ စစ်ကောင်စီရေတပ်သင်္ဘောနှင့် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)တပ်ရင်းက  ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မြို့မဈေးတခုလုံး မီးလောင်ခဲ့ခြင်းဟု သိရသည်။ ဈေးမီးလောင်နေစဉ် မီးငြိမ်းသတ်ရန် လာသည့်  မီးသတ်ကားများအား ခမရ (၅၅၀)တပ်ရင်းက သေနတ်ဖြင့်ပစ်ခတ် တားဆီးခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နောက်ပိုင်းမှစ၍ ယမန်နေ့အထိ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏တဖက်သတ်ပစ်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတဦးကမဇ္စျိမကိုပြောသည်။

" ပုဏ္ဏားကျွန်းကို နေ့တိုင်း တနေ့ကုန်၊တညလုံးလက်နက်ကြီး တွေနဲ့ပစ်နေတာပဲ။ဟိုးအရင်ရက်တွေက စက်သေနတ်တွေနဲ့လိုက်ပစ်လို့ လမ်းပေါ်ဆိုဘယ်သူမှမထွက်ရဲကြတော့ဘူး။ ဟိုနေ့က(ဒီဇင်ဘာလ ၃ ရက်)ဆိုရင် စစ်ကောင်စီက ကုလားတန်မြစ်နားကရွာထဲတွေမီးလိုက်ရှို့နေလို့အခုဆိုလူတောင်မနေကြတော့ဘူးပြေးကုန်ပြီ"ဟု၎င်းကပြောသည်။

ထို့အပြင်ရဲရိုးပြင်နှင့်ခမောင်းတောကျေးရွာများရှိလူနေအိမ်များ၊စပါးခင်းများကိုပါ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

လက်ရှိ အခြေအနေတွင် စားနပ်ရိက္ခာနှင့်ဆေးဝါးလိုအပ်နေကြောင်း ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးရှောင်များကဆိုသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ဒီဇင်ဘာလ ၃ရက်က ထုတ်ပြန်သည့်  အစီရင်ခံစာ၌" ရခိုင်ပြည်နယ်မှာ ကုန်စည်ပြတ်တောက်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေ တဟုန်ထိုးတက်နေပါတယ်"ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍  ယနေ့ ဒီဇင်ဘာလ ၆ ရက် နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်‌တော်တို့အကြားတိုက်ပွဲပြင်းထန်နေသည်။

စစ်ကောင်စီတပ်သည် ရခိုင်လူထုကို ဦးတည်၍ပစ်မှတ်ထားသတ်ဖြတ်ခြင်းနှင့်စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကို ဆက်လက်အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟုလည်း AAက အသိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly