ရေစကြိုတွင် တပ်ပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ရရှိ

By MTO (မဇ္စျိမ)
07 December 2023
ရေစကြိုတွင် တပ်ပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ရရှိ
ပုံအညွှန်း-သိမ်းဆည်းရမိသည့် သေနတ်တလက်နှင့်ဆက်စပ်ပစ္စည်းများကိုတွေ့ရစဉ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်  ခလရ(၂၅၈)မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ တဦးအသေဖမ်းမိပြီး သေနတ်တလက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က တပ်တွင်းသတင်းပေးတဦး၏ သတင်းပေးပို့မှုအရ သွား ရောက်ဖမ်းဆီးခဲ့ရာ နှစ်ဦးလွတ်မြောက်သွားပြီး တဦးကိုအသေဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

“ တပ်အပြင်ကိုထွက်လာတဲ့ သုံးယောက်က လက်နက်တွေနဲ့၊ အဲဒါကို ပစ်ခတ်ဖမ်းဆီးတာ။ တယောက်က နေရာမှာပဲသေသွားပြီး ကျန်တဲ့နှစ်ယောက်ကထွက်ပြေးသွားတယ်၊ သေနတ်တလက်၊ ကျည်ဘောက်နှစ် ခု၊ ကျည် ၆၇ တောင့်နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားသုံးဦးကို ခလရ(၂၅၈)အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသူနှစ်ဦး အနက်တဦးမှာ ဒဏ်ရာရရှိသွားကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူက ဆိုသည်။

“ထွက်ပြေးသွားတဲ့ နှစ်ယောက်မှာ တယောက်ကဒဏ်ရာရသွားတယ်။ တပ်ရှိတဲ့ဖက်ကိုထွက်ပြေးတာ၊ တပ်နဲ့နီးနီးလေးဆိုတော့ ခဏကြာတော့ တပ်ထဲက စစ်ကြောင်းထွက်လာသေးတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း တပ်မ(၁၀၁)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ရေစကြိုမြို့နယ် ကံသစ်ကျေးရွာအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့ကြောင်း ရေစကြိုပဖက မှ သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly