ဒုက္ခသည်ဝင်ရောက်မှု ထိန်းချုပ်ကန့်သတ်မည့်အမိန့် ထရမ့် လက်မှတ်ထိုး

ဒုက္ခသည်ဝင်ရောက်မှု ထိန်းချုပ်ကန့်သတ်မည့်အမိန့် ထရမ့် လက်မှတ်ထိုး

ဇန်နဝါရီ ၂၈ ။                   ။ နိုင်ငံတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်လာနေမှုများကို ဆိုင်းငံ့ပိတ်ပင်သွားပြီး မွတ်ဆလင်နိုင်ငံခုနစ်ခုမှ ခရီးသွားများအပေါ် ထိန်းချုပ်ကန့်သတ်ချက်များပါသည့် အမိန့်ညွှန်ကြားချက်သစ်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၇ ရက်တွင် လက်မှတ်ထိုးထုတ်ပြန်လိုက်သည်။

အမေရိကန်နိုင်ငံကို အစွန်းရောက် အကြမ်းဖက်ရန်မှ ဘေးကင်းလုံခြုံစေရေးအတွက် ယခုကဲ့သို့ နိုင်ငံတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်နေမှု၊ မွတ်ဆလင်ခုနစ်နိုင်ငံမှ လာရောက်နေမှုများအပေါ် တင်းကျပ်စွာ စိစစ်ထိန်းချုပ်သွားမည့်အစီအစဉ်ကို ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အမေရိကန်နိုင်ငံထဲကို ဒီ အစွန်းရောက်အစ္စလမ္မစ် အကြမ်းဖက်သမားတွေ ဝင်ရောက်မယ့် ရန်ကနေ ကင်းဝေးစေဖို့ ကျွန်တော်ဒီလုပ်ဆောင်ချက်အသစ်တွေ စလုပ်နေတာဖြစ်ပါတယ်" ဟု ထရမ့်က ယင်းလက်မှတ်ရေးထိုးမှုအပြီးတွင် ပြောကြားသွားသည်။

ထရမ့်၏ ယခုအမိန့်ညွှန်ကြားချက်ကြောင့် နိုင်ငံတွင် ဒုက္ခသည် ကူညီကယ်ဆယ်နေရာချထားပေးရေး အစီအစဉ်မှာ အနည်းဆုံး ရက်ပေါင်း ၁၂၀ ထိ ရပ်ဆိုင်းသွားတော့မည်ဖြစ်ပြီး နောက်ထပ်လည်း တင်းကျပ်သည့် စိစစ်မည့် နည်းလမ်းများကို အကောင်အထည်ဖော်သွားရန် ရှိနေသည်။

အလားတူ ထရမ့်အစိုးရအနေဖြင့် နိုင်ငံတွင်းသို့ ဆီးရီးယားဒုက္ခသည်များ ဝင်ရောက်နေမှုကို အကန့်အသတ်မရှိ ပိတ်ပင်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် မည်သည့်ခြိမ်းခြောက်မှုမှ ပြုလုပ်နိုင်ခြေမရှိကြောင်း သမ္မတက ဆုံးဖြတ်ခဲ့ချိန်အထိ ပိတ်ပင်မည်ဟု သိရသည်။

အလားတူ မွတ်ဆလင်နိုင်ငံများဖြစ်ကြသော အီရန် ၊အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်တို့က လာရောက်လည်ပတ်သူ၊ ရွေ့ပြောင်းများကို ရက်ပေါင်း ၉၀ အတွင်း ဗီဇာထုတ်ဖော်တော့မည်မဟုတ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required