ဂီရော့ဒ်၏ဂိုးမှာ သူ၏နည်းပြသက်တမ်းတွင် အကောင်းဆုံး ငါးဂိုးစာရင်းဝင်ဟု အာစင်ဝင်းဂါး ချီးကျူး

ဂီရော့ဒ်၏ဂိုးမှာ သူ၏နည်းပြသက်တမ်းတွင် အကောင်းဆုံး ငါးဂိုးစာရင်းဝင်ဟု အာစင်ဝင်းဂါး ချီးကျူး

ဇန်နဝါရီ ၂၊ အင်္ဂလန် ။                 ။ အာဆင်နယ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂီရော့ဒ်သွင်းယူခဲ့သည့် ပထမအဖွင့်ဂိုးမှာ သူ၏ အာဆင်နယ်နည်းပြ သက်တမ်းတစ်လျှောက်တွင် အကောင်းဆုံး ငါးဂိုးစာရင်းဝင်သည့် ဂိုးဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက ချီးကျူးပြောဆိုလိုက်သည်။

တိုက်စစ်မှူးဂီရော့ဒ်မှာ ဆန်းချက်ဇ်ဖြတ်တင်ပေးလိုက်သည့်ဘောလုံးကို ဘယ်ဘက်ဖနောင့်ဖြင့် လေထဲတွင် နောက်ပြန်ကန်ကာ လှလှပပသွင်းယူခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးက 'ဆန်းချက်ဇ်ရဲ့ဖြတ်တင်ဘောက အကောင်းဆုံးပုံစံနဲ့ လာတာမဟုတ်ပါဘူး။ ဒါကို ဂီရော့ဒ်က ထူးထူးခြားခြား စွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်' ဟု ချီးကျူးခဲ့သည်။

ကိုယ်တိုင်ဂိုးသွင်းယူခဲ့သည့် ဂီရော့ဒ်ကမူ သူ၏ဂိုးမှာ ကံကောင်းသည့် ဂိုးတစ်ဂိုးဖြစ်ကြောင်း ဆိုသည်။ 'ဒီဂိုးက အကောင်းဆုံးဂိုးတစ်ဂိုးလို့ ပြောဖို့ ခက်ပါတယ်။ ဒီဂိုးကိုသွင်းယူနိုင်ဖို့ ဘုရားသခင်ရဲ့ အကူအညီလိုအပ်ခဲ့ပါတယ်။ ဒီဂိုးက တကယ်ကို ကံကောင်းလို့ရခဲ့တဲ့ဂိုးပါ။ ဘောလုံးလာတဲ့ပုံစံအရ ကျွန်တော်အဲ့ဒီလိုပုံစံနဲ့ပဲ ကန်လို့ရနိုင်မယ့် အနေအထားဖြစ်ပါတယ်။

ဘောလုံးက ကျွန်တော့်နောက်ကိုကျော်သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဘယ်ဘက်ဖနောင့်နဲ့ ကန်ခဲ့တာပါ။ ဒီနေရာမှာ တစ်ခြားဘယ်ပုံစံနဲ့မှလည်း ကန်လို့ မရပါဘူး' ဟု ဂီရော့ဒ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required