လက်ပတ်စိမ်းလှုပ်ရှားမှု ပြုလုပ်နေသည့် နီကယ်စက်ရုံမြန်မာလုပ်သားများကို တရုတ်ဝန်ထမ်းစက်ရုံမှူးက လက်ပတ်များ အတင်းအကြပ်ဖြုတ်ခိုင်းဟု ဆို

လက်ပတ်စိမ်းလှုပ်ရှားမှု ပြုလုပ်နေသည့် နီကယ်စက်ရုံမြန်မာလုပ်သားများကို တရုတ်ဝန်ထမ်းစက်ရုံမှူးက လက်ပတ်များ အတင်းအကြပ်ဖြုတ်ခိုင်းဟု ဆို

ဒီဇင်ဘာလ ၁၈ရက်နေ့က တကောင်းတောင်နီကယ်စီမံကိန်းစက်ရုံမှ မြန်မာလုပ်သားငါးရာခန့်က လုပ်ခလစာတိုးမြှင့်ရေးအတွက် လက်ပတ်စိမ်းများပတ်ကာ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ယခုအခါ တရုတ်ဝန်ထမ်း စက်ရုံမှူး မစ္စတာလီကျန်းချန်က ယင်းလက်ပတ်များကို အတင်းအဓမ္မ ဖြုတ်ခိုင်းနေကြောင်း စက်ရုံလုပ်သား ကိုတင်မျိုးထွန်းက ဒီဇင်ဘာလ ၂၀ ရက်နေ့က ပြောသည်။

"မနေ့ကလည်း စည်းခဲ့တယ်။ ဒီနေ့လည်း စည်းခဲ့တဲ့အထဲမှာ ကျွန်တော်တို့လှုပ်ရှားမှုက အခုဆို အရှိန်အဟုန်ကောင်းလာပြီပေါ့။ အရှိန်အဟုန်ကောင်းလာတော့ တရုတ်စက်ရုံမှူး လီကျန်းချန်က လက်ပတ်စိမ်းတွေကို ဓာတ်ပုံရိုက်ပြီးတော့ အတင်းအဓမ္မဖြုတ်ခိုင်းနေတယ်။ ဒီဘက်မှာ တာဝန်ကျနေတဲ့ရဲတွေကလည်း လက်ပတ်စိမ်းပတ်တာတွေ၊ ဓာတ်ပုံရိုက်ပြီးကြည့်နေတယ်ပေါ့"ဟု ယင်းကပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များ မရရှိမချင်း လက်ပတ်စိမ်းပတ်၍ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး "တော်တော်များများကတော့ မဖြုတ်ပေးကြဘူးပေါ့။ တစ်ချို့ကြတော့လည်း သူတို့ရှေ့တင်ဖြုတ်ပြီးတော့ ပြန်ပတ်ကြတာတွေရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံခြားသားတစ်ယောက်က ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေရဲ့အခွင့်အရေးကို လာရောက်ပိတ်ပင်တားဆီးမှုမျိုးဆိုတာ၊  ဒါ မဖြစ်သင့်တဲ့ ကိစ္စလေ။ သူတို့ဘက်က ဒါမျိုးတွေကျူးလွန်လာတာ၊ နိုင်ငံခြားသားဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ဥပဒေ ချိုးဖောက်မှုတွေ ရှိနေတယ်ပေါ့"ဟု ကိုတင်မျိုးထွန်းက ပြောသည်။

ယင်းသို့ တားမြစ်မှုများရှိနေသော်လည်း လက်ပတ်စိမ်းလှုပ်ရှားမှုကို ရပ်တန့်သွားမည် မဟုတ်သည့်အပြင် တောင်းဆိုမှုများမရရှိပါက သပိတ်မှောက်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဘယ်လိုပဲတားတား ဆက်လုပ်မှာ သူတို့ဘက်ကဒီရက်ပိုင်းအတွင်းမှာ အကြောင်းပြန်၊ ညှိပေးမှုမရှိဘူး။ ကျွန်တော်တို့တောင်းဆိုချက်တွေကို လိုက်လျောမှုလည်း တစ်စုံတစ်ရာမရှိဘူး ။ ညှိနှိုင်းမှလည်း ဘာမှမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့သပိတ်မှောက်ဖို့ထိ ဆုံးဖြတ်ပြီးပါပြီ"ဟု ကိုတင်မျိုးထွန်းက ပြောသည်။

အလုပ်သမားများ ခွဲခြားဆက်ဆံခံရမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှ ပြည့်ဝစွာရရှိရေး၊ ဝန်ထမ်းနေအိမ်မပြည့်စုံ မလုံခြံုမှုများ၊အစားအသောက် စီမံပေးမှ မပြည့်စုံမှုများ၊လုပ်ငန်းခွင်အတွင်း လုပ်ငန်းသုံး ပစ္စည်းများထိခိုက်ပျက်စီးမှုများတွင် လုပ်သားများအပေါ်မှဖြတ်တောက်ရယူမှုများအပြင် အခြားအလုပ်သမားအခွင့်အရေးဆုံးရှံုးနစ်နာခဲ့ရမှုများအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ၂၀၀၈ဖွဲ့စည်းပုံဥပဒေပါ နိုင်ငံသားအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများ ဆုံးရှံုးကာ တိုင်းတစ်ပါးသားများ၏ ကျွန်သဖွယ်ဆက်ဆံခိုင်းစေခံနေရမှုကို ပြသသည့်အနေဖြင့် လက်ပတ်စိမ်းလှုပ်ရှားပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ဟု ၎င်းတို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly