လက်နှစ်ဖက်နဲ့ကိုင်ပြီး အိမ်မှာ အားပါးတရစားနိုင်တဲ့ ဂဏန်းမဆလာချဉ်စပ်

လက်နှစ်ဖက်နဲ့ကိုင်ပြီး အိမ်မှာ အားပါးတရစားနိုင်တဲ့ ဂဏန်းမဆလာချဉ်စပ်
 

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ ဂဏန်းမဆလာချဉ်စပ် လေးချက်စားကြရအောင်။ ဂဏန်းဟင်းက လက်နှစ်ဖက်နဲ့ အားပါးတရကိုင်ပြီး ကိုက်စားမှ အရသာရှိတော့ အိမ်မှာချက်စားမယ့်သူတွေအတွက်က သင့်တော်တဲ့ စားစရာပါ၊

ဂဏန်းမဆလာချဉ်စပ်အတွက် လိုအပ်တာတွေကတော့

ဂဏန်း အရွယ်လတ်  ၆ ကောင်

ကြက်ဥ ၁ လုံး

ကြက်သွန်နီ အသေး  ၅ ဥ

ကြက်သွန်အဖြူ    ၁ ဥ

ငရုတ်ပွ  ၅ တောင့်

ချင်း ၃ကျပ်သား

မန်ကျည်းမှည့် အနည်းငယ်

ခရမ်းချဉ်သီး ၁လုံး

မဆလာ အနည်းငယ်

ရှမ်းနံနံ နဲ့ ကြက်သွန်မိတ်် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

အရင်ဆုံး ဂဏန်းကို အခွံခွာ၊ သန့်စင်ဆေးကြောပြီး  ဆား၊ ဆနွင်း၊ ငံပြာရည် နယ်ကာ နာရီဝက်လောက် နှပ်ထားပါ။

မမေ့မလျော့လုပ်ရမှာကတော့ ဂဏန်းလက်မလေးကို ငရုတ်ကျည်ပွေ့လေးနဲ့ဖြစ်ဖြစ် ခပ်စပ်စပ်လေး ထုပေးပါ။ ဒါမှ ဂဏန်းလက်မထဲ အရသာဝင်မှာပါ။

ငရုတ်ပွ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတို့ကို ညက်နေအောင်ထောင်းပြီး ဆီအနည်းငယ်နဲ့ ဆီသတ်ပါ။ အနံ့မွှေးပြီး အရောင်ရဲလာပြီဆိုရင် အရသာနယ်ထားတဲ့ဂဏန်းကို ထည့်မွှေပြီး ၃ မိနစ်လောက် အဖုံးအုပ်ထားပေးပါ၊

ဂဏန်းအညှီန့ံပျောက်ပြီး မွှေးလာပြီဆိုရင်  မန်ကျည်းသီးမှည့်ကို ရေဖျော်ပြီး ဂဏန်းမြှုပ်ရုံထည့်ပြီး တည်ထားပေးပါ။

ဂဏန်းအရောင်ရဲလာပြီး ရေခမ်းလာပြီဆိုရင် အပေါ့၊ အငန်၊ အချဉ်၊အစပ် မြည်းပြီး လိုတာထည့်ပါ။

ကိုယ့်စိတ်ကြိုက် အရသာရပြီဆိိုရင် ကြက်ဥကို ခေါက်ထည့်ပါ။ ဒါမှဂဏန်းဟင်းအနှစ်က ပြစ်ပြစ်နှစ်နှစ်လေးဖြစ်ပြီး စားကောင်းစေမှာပါ။ ကြက်ဥနှစ်လေးတွေ ကျက်သွားရင်တော့  မဆလာလေးထည့်ပြီး နှံ့အောင်မွှေပေးပါ။

ဂဏန်းဟင်းလေး ဆီပြန်လာပြီဆိုရင် အနေတော် လှီးဖြတ်ထားတဲ့  ရှမ်းနံနံ၊ ကြက်သွန်မြိတ် ခရမ်းချဉ်သီးတို့ကို ထည့်ပါ။ ၃ မိနစ်လောက် အဖုံးအုပ်ထားပါ။

ခဏနေရင်တော့  အရသာမွှေးပျံ့တဲ့ ချဉ်စပ်အရသာ ဂဏန်းမဆလာလေး ရပါပြီ။ ချက်ပြုတ်ရလွယ်ကူပြီး အလုပ်မရှုပ်တဲ့ ဂဏန်းချဉ်စပ်မဆလာဟင်းကို တစ်ယောက်တည်းပဲ စားစား၊ မိသားစုလိုက်စားစား၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲစားစား ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ အရသာရှိစေမှာပါ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required