ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရန် ရုရှကူညီပေးခဲ့ဟု စီအိုင်အေ မှတ်ချက်ပြု

ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရန် ရုရှကူညီပေးခဲ့ဟု စီအိုင်အေ မှတ်ချက်ပြု

ဒီဇင်ဘာ ၁၀ ။        ။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့် အနိုင်ရရန် ရုရှတို့ဘက်မှ ကြားဝင်ကူညီပေးမှုများ ရှိခဲ့ကြောင်း စီအိုင်အေ ထောက်လှမ်းရေးဌာနက ကောက်ချက်ချသွားခဲ့သည်ဟု အမေရိကန် အစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသွားသည်။

ရွေးကောက်ပွဲကာလနီးကပ်လာခဲ့စဉ်က ထရန့်အနိုင်ရရေး ထောက်ပံ့ကူညီပေးနိုင်မည့်အရေးတွင် ရုရှအစိုးရတာဝန်ရှိသူများ အထူးအာရုံစိုက်လုပ်ဆောင်ထားခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေး   အေဂျင်စီများက သုံးသပ်ထားကြောင်း အမည်မဖော်လိုသူ အထက်ပါအရာရှိက ပြောကြားသွားသည်။

ထောက်လှမ်းရေးအေဂျင်စီများအနေဖြင့် ရုရှအစိုးရနှင့် ချိတ်ဆက်မှုရှိသည့် တစ်ဦးချင်းတစ်ယောက်စီတိုင်းကို ဖော်ထုတ်ထားနိုင်ကြောင်းလည်း ၀ါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြသည်။

လက်ရှိအမေရိကန်သမ္မတ အိုဘားမားကလည်း ဆိုက်ဘာတိုက်ခိုက်မှုများ၊ ရွေးကောက်ပွဲတွင် ပြည်ပက ကြားဝင်စွက်ဖက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စစ်ဆေးပြီး ဇန်နဝါရီလ ၂၀ ရက် ၎င်းတာဝန်ပြီးဆုံးချိန်မတိုင်ခင် အစီရင်ခံစာတင်သွင်းရန် ထောက်လှမ်းရေးအေဂျင်စီများကို ညွှန်ကြားထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ရုရှဟက်ကာများဆိုလျင် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ဒီမိုကရက်တစ်များထံသို့ ပိုမိုအာရုံစိုက်လာခဲ့ကာ ဟီလာရီနှင့် ဒီမိုကရက်တစ်များကို ထိခိုက်စေနိုင်မည့် အီးမေးလ်များကို ထုတ်ပြန်မှုများ   ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲကြားဝင်ထားသည်ဆိုသည့် စွဲချက်များကို ရုရှဘက်က ငြင်းဆန်ထားသကဲ့သို့ ဒေါ်နယ်ထရန့်ကလည်း ဆိုက်ဘာတိုက်ခိုက်မှုများနောက်ကွယ်တွင် ရုရှတို့ရှိနေလိမ့်မည်ဟု မယုံကြည်ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required