ရွှေမိပလပ်စတစ်စက်ရုံမှ ဆန္ဒပြ အလုပ်သမား ၃ဝဝ ခန့်မှ သုံးပွင့််ဆိုင်ညှိနှိုင်းရန် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ စာတင်

ရွှေမိပလပ်စတစ်စက်ရုံမှ ဆန္ဒပြ အလုပ်သမား ၃ဝဝ ခန့်မှ သုံးပွင့််ဆိုင်ညှိနှိုင်းရန် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ စာတင်

ရန်ကုန်၊ ဒီဇင်ဘာလ ၅ ။             ။ လုပ်ခလစာညှိနှိုင်းရေးမှာ အလုပ်ရှင်ဘက်မှ တောင်းဆိုသည့်ပမာဏ တိုးပေးနိုင်ခြင်းမရှိသည့်အတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းနိုင်ရန် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အလုပ်သမားများဘက်မှ လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ သို့ စာတင်ခဲ့သည်ဟု သိရသည်။

လှိုင်သာယာမြို့နယ် စက်မှု (၁) ရွှေမိပလပ်စတစ်စက်ရုံမှ ဆန္ဒပြ အလုပ်သမား ၃ဝဝ ကျော်က တောင်းဆိုချက်များကို ညှိနှိုင်းရန်အတွက် အလုပ်ရှင်ထံ နိုဝင်ဘာလ ၂၉ ရက်နေ့က စာပေးပို့ခဲ့သည်။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ တောင်းဆိုချက်များကို လိုက်လျောပေးနိုင်ခြင်းမရှိဘဲ ညှိနှိုင်းလိုပါက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နှင့်သာ ညှိနှိုင်းရန် ဟူသောစာကို ဒီဇင်ဘာလ ၃ ရက်နေ့က ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့ စက်ရုံမှာက လုပ်သက်ရင့် ဝန်ထမ်းတွေလည်းများတယ်။ အဲ့ဒီအတွက်ကြောင့် အနိမ့်ဆုံး ဝန်ထမ်းတစ်ယောက်က နှစ်သိန်းနှစ်သောင်းနဲ့ နှစ်သိန်းဝန်းကျင်ကြားကို ညှိနှိုင်းပေးပါဆိုပြီး   တောင်းဆိုထား တယ်ပေါ့။ သူတို့ကတော့ ကျွန်တော်တို့ကို ဒီနှုန်းထားကို မပေးနိုင်ဘူး။ သို့ပေမယ့် ရက်မှန်ကြေး တစ်သောင်းနဲ့ ထောက်ပံ့ကြေး နှစ်သောင်းဆိုပြီး   ပေးထားတာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်သမားတွေက လုပ်သက်ရင့် ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုပ်သက်နုတဲ့ ဝန်ထမ်းနဲ့ လုပ်သက်ရင့်တဲ့ ဝန်ထမ်းရဲ့ လစာက အတူတူဖြစ်နေတဲ့အတွက် အခုလို တိုးတောင်းရတာပါ "ဟု ရွှေမိပလပ်စတစ် အခြေခံအလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူး ဦးမျိုးဇော်က ပြောသည်။

ရွှေမိပလပ်စတစ်စက်ရုံမှ အထွေထွေမန် နေဂျာ ဦးထွန်းအောင်က “ ဒီဇင်ဘာ ၃ ရက်၌ ၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးစဉ်တွင် ရက်မှန်ကြေး တစ်သောင်းနှင့် ထောက်ပံ့ကြေး နှစ်သောင်း ပေးခဲ့ကြောင်း၊ အလုပ်သမားများက လစာ ရသောင်းခန့် တိုးပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အနိမ့်ဆုံးဝန်ထမ်းကို ၁သိန်း၉သောင်း ကျပ်အထိ တိုးမြှင့်ပေးထားပြီး ရာထူးအလိုက်လည်း လစာများကို အဆင့်ဆင့်ပေးထားသည့်အတွက် မိမိတို့ အနေဖြင့် လစာကိစ္စကို ပြင်ဆင်ပေးတော့မည် မဟုတ်ကြောင်း ” ပြောသည်။

လက်ရှိတွင် အလုပ်သမားများဘက်မှ စက်ရုံတွင်း ညှိနှိုင်းမှုအနေဖြင့် ၃ ကြိမ်ပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့်တွင် ၅ ကြိမ်အထိ ညှိနှိုင်းထားကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုမှာ နိုဝင်ဘာလ ၂၈ ရက်မှ စတင်ခဲ့ပြီး  ယနေ့ ရ ရက်ပြည့်ပြီဖြစ်ကြောင်း၊ ယခု သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းရာတွင် အဆင်မပြေပါက ဥပဒေလမ်းကြောင်းအရ စီတန်းလှည့်လည်ကာ ထပ်မံဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဦးမျိုးဇော်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required