အရှေ့ဘက်လေပွေလှိုင်းတစ်ခုကြောင့် လေပြင်းထန်စွာတိုက်ပြီး မိုးများရွာသွန်း

အရှေ့ဘက်လေပွေလှိုင်းတစ်ခုကြောင့် လေပြင်းထန်စွာတိုက်ပြီး မိုးများရွာသွန်း

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။              ။ ထိုင်းပင်လယ်ကွေ့အတွင်းမှ အရှေ့လေပွေလှိုင်းတစ်ခုဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ဒေသကို ဦးတည်ကာ စတင်ရွေ့လျှားလာခြင်းဖြစ်ပြီး မွန်၊ တနင်္သာရီတိုင်းတို့ကို ဖြတ်သန်းကာ ဘင်္ဂလားပင်လယ်အော်ဘက်မှ ရန်ကုန်ဘက်ကို ရောက်လာသောကြောင့် လေပြင်းထန်စွာတိုက်ခြင်းနှင့် မိုးသည်းထန်စွာရွာ သွန်းခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းထွာရေး (၃) မှ ကိုထက်ဝေထွန်းက မဇ္ဈိမကို အတည်ပြု ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၆ရက်)  မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်တွင် တိုက်ခေတ်ခဲ့သည့် လေပွေလှိုင်းကြောင့် ရန်ကုန်တစ်မြို့လုံးတွင် လေပြင်းများတိုက်ခေတ်ခြင်း၊ မိုးများသည်းထန်စွာရွာသွန်းခြင်း၊  လျှပ်စီးလပ်ခြင်းတို့ဖြစ်ပေါ်နေသည်။

“ ကျွန်တော်တို့ကိုပြောတာတော့ ရန်ကုန်တစ်တိုင်းလုံးနီးပါးပဲခင်ဗျ။ မီးတွေလည်းပျက်တယ် ဓာတ်တိုင်တွေလည်း လဲတယ်လို့တောင် ပြောကြတယ်။ ကျွန်တော်တို့အခု ဂြိုလ်တုကကြည့်တော့လည်း ရန်ကုန်ဘက်က တော်တော်လေးကိုများနေတယ် ခင်ဗျ။ အဲ့တာကြောင့်မို့လို့ ရွာတာပါ။” ဟု ၎င်းကပြောဆိုသည်။

 ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းသည် အိန္ဒိယဖက်သို့ရွေ့နေသော်လည်း အဆိုပါမုန်တိုင်းနှင့် တပြိုင်နက်ထဲ   နောက်ထပ် မုန်တိုင်းတစ်ခု ဖြစ်ပွားနိုင်သေးကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောဆိုထားသည်။

“ မုန်တိုင်းနဲ့မဆိုင်ဘူးခင်ဗျ။ ကပ္ပလီပင်လယ်ပြင်မှာ စုဝေးသေးတာကိုး အဲ့မှာမှတဆင့်အားပျိုးပြီးတော့မှ လေဖိအားနည်းရပ်ဝန်း လေဖိအားနည်းရပ်ဝန်းကနေပြီးတော့မှ မုန်တိုင်းငယ်ဖြစ်တာလေ ဒီတိုင်းပဲရွှေ့လာတဲ့ လေပွေလှိုင်းတွေအရှိန်ကြောင့်ပါ။” ဟု ကိုထက်ဝေထွန်းမှဆိုသည်။

အဆိုပါလေပွေလှိုင်းကြောင့် ရန်ကုန်တိုင်းတွင် ရာသီဥတုဆိုးဝါးသဖြင့် မြို့နယ်အတော်များများ၌ လျှပ်စစ်မီးဖြတ်တောက်ထားပြီး အခြားပြည်နယ်နှင့် တိုင်းများတွင် လေပွေလှိုင်းဝင်ရောက်ရှိခြင်း ရှိမရှိကိုတော့မသိရသေးပေ။

“ နယ်စခန်းတွေက ကျွန်တော်တို့ဆီကို ထူးခြားအနေနဲ့ဘာမှမတတ်လာတော့ သိပ်တော့ပြောလို့မရဘူး ဒါပေမယ့် သူက မွန်တို့ တနင်္သာရီတို့ကဖြတ်လာတာခင်ဗျ။ အဲ့ဘက်တွေမှာတော့ ရွာမှာပဲ"  ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းထွာရေး (၃) မှ ကိုထက်ဝေထွန်းက ပြောသည်။

အရှေ့လေပွေလှိုင်းသည် အနောက်မြောက်ဖက်အရပ်ကို ဦးတည်ရွေ့လျှားရာတွင် တနင်္သာရီတိုင်း၊ မြစ်ဝကျွန်းပေါ် နဲ့ ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းသွားပြီနောက် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းရှိ ရခိုင်ကမ်းလွန်ဒေသသို့ ရောက်သောအခါ အားပြန်ပျိုးသွားပြီ မုန်တိုင်းငယ်တစ်လုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က မဇ္ဈိမသို့ဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required