မန်ယူနှင့်အတူဆုဖလားမရပါက စပါယ်ရှယ်ဝမ်းဟုမခေါ်ထိုက်တော့ဟု မော်ရင်ဟိုဝန်ခံ

မန်ယူနှင့်အတူဆုဖလားမရပါက စပါယ်ရှယ်ဝမ်းဟုမခေါ်ထိုက်တော့ဟု မော်ရင်ဟိုဝန်ခံ

အောက်တိုဘာ ၂၃၊ မန်ချက်စတာ။             ။ မန်ယူအသင်းနှင့်အတူ ဆုဖလားတစ်ခုခုရယူနိုင်ခြင်းမရှိပါက မိမိနှင့်ပတ်သက်ပြီး ထွေထွေထူးထူးယူဆခံရလိမ့်မည်မဟုတ်ဟု နည်းပြမော်ရင်ဟိုက ဝန်ခံ ပြောဆိုလိုက်သည်။

ပေါ်တူဂီလူမျိုးနည်းပြသည် ၂၀၀၄ ခုနှစ်တွင် ချယ်လ်ဆီးအသင်းကိုကိုင်တွယ်ရန် ပရီးမီးယားလိဂ်သို့ရောက်လာစဉ် မိမိကိုယ်ကိုယ် စပါယ်ရှယ်ဝမ်း ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

ယင်းနောက်အောင်မြင်မှုများစွာရရှိခဲ့သော်လည်း မော်ရင်ဟိုသည် ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ပြန်လည်ရယူပေးမှာသာလျှင် မန်ယူပရိသတ်များ၏ စပါယ်ရှယ်ဝမ်းအဖြစ် ယူဆခံရဖွယ်ရှိနေသည်။

“ဆုဖလားတွေမရခင်ကတည်းက ဆက်ဆံရေးတွေရှိပါတယ်။ ဒါပေမဲ့ အောင်မြင်မှုတွေကို အတူမျှဝေခံစားကြမှာသာ နည်းပြနဲ့ ပရိသတ်တွေကြားက အဲဒီဆက်ဆံရေးတွေ ပိုပြီးခိုင်မာမှာပါ။

ကျွန်တော် ယူနိုက်တက်နဲ့ သုံးနှစ်စာချုပ်ထားပါတယ်။ ကျွန်တော်ဒီမှာ သုံးနှစ်ရှိနေခဲ့ရင် အသင်းအတွက်ကျွန်တော်အရာတိုင်း ပေးဆပ်ထားတယ်ဆိုတာ လူတွေသိလာမယ်။

ပရော်ဖက်ရှင်နယ်တစ်ယောက်၊ ယူနိုက်တက်အတွက်ဆို တစ်နေ့ ၂၄ နာရီ ပေးဆပ်ထားတဲ့ နည်းပြတစ်ယောက်ဆိုတာကိုပေါ့။

ဒါပေမဲ့ အဲဒီသုံးနှစ်သက်တမ်းကုန်သွားတဲ့အခါ ဆုဖလားတစ်လုံးတောင်ယူမပေးနိုင်ဘူးဆိုရင်တော့ သူတို့က ပြောကြလိမ့်မယ်။ ‘လူတော်တစ်ယောက်၊ နည်းပြကောင်းတစ်ယောက်။ ငါတို့သူ့ကိုသဘောကျပါတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ထူးထူးထွေထွေ တော့ မခံစားရဘူး’ ဆိုပြီး ပြောကြပါလိမ့်မယ်”ဟု မော်ရင်ဟိုက ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required