ထိုင်းနယ်စပ်မှ ဒုက္ခသည် ၉၀ ပထမဆုံး မြန်မာပြည်သို့ တရားဝင် ပြန်ပို့မည်

ထိုင်းနယ်စပ်မှ ဒုက္ခသည် ၉၀ ပထမဆုံး မြန်မာပြည်သို့ တရားဝင် ပြန်ပို့မည်

ချင်းမိုင်၊ အောက်တိုဘာလ ၁၉  ။            ။ ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည် စခန်းမှ ဒုက္ခသည် ၉၀ ဦးခန့်ကို အောက်တိုဘာလ ၂၅ ရက်တွင် မြန်မာနိုင်ငံသို့ တရားဝင် စမ်းသပ်ပြန်ပို့မည် ဖြစ်ကြောင်း နို့ဖိုးဒုက္ခသည်စခန်း ဥက္ကဌ စောဝေါက ပြောသည်။

ဒုက္ခသည် အိမ်ထောင်စု ၂၆စုမှ ဒုက္ခသည် ၉၀ ခန့်ကို ထိုင်းဘက်ခြမ်းတွင် ထိုင်းအာဏာပိုင်များက မဲဆောက်မြို့ထိ သွားရောက် ပို့ဆောင်မည် ဖြစ်ပြီး ထိုမှ မြန်မာပြည်ဘက်ခြမ်းတွင်   မြန်မာအစိုးရမှ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း စခန်း ဥက္ကဌ စောဝေါက ပြောသည်။

“အခုက စမ်းသပ် pilot အနေနဲ့ မိမိဆန္ဒအရ ပြန်မဲ့ မိသားစုကို ပြန်ဖို့ အစီအစဉ် ရှိတယ်။ သူတို့ဆန္ဒရှိလို့ ပြန်ကြတယ်။ နို့ဖိုးစခန်းကနေ ပထမဆုံးပြန်တာ ဖြစ်တယ်။ UNHCR က ကမကထ လုပ်ပေးတယ်။ ပြန်ဖု့ိ အစီအစဉ်လုပ်တာကတော့ မြန်မာနဲ့ ထိုင်းအစိုးရ လုပ်ဆောင်တယ်လို့ သိရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်၍ မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ အစီအစဉ်ဖြင့် မဲဆောင်မြို့ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စာရင်းကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဒုက္ခသည်များသည် ရန်ကုန်၊ မော်လမြိုင်နှင့် ကရင်ပြည်နယ်များမှ ဖြစ်ပြီး မိမိတို့ နေရပ်သို့ ပြန်ကြမည် ဖြစ်သလို၊ တချို့ ဒုက္ခသည်များသည် မြဝတီမြို့အနီးရှိ ဖလူးဒေသတွင် နီပွန်ဖောင်ဒေးရှင်းက ဆောက်လုပ်ပေးထားသည့် တန်ဖိုးနည်း အိမ်ယာ စီမံကိန်း နေရာတွင် နေထိုင်မည့်သူများလည်း ရှိသည်ဟု သူက ပြောသည်။

မြန်မာပြည်သို့ ပြန်မည့် ဒုက္ခသည်များကို အောက်တိုဘာလ ၂၅ ရက်တွင် မြန်မာအစိုးရဘက်မှ မြဝတီမြို့ရှိ ကျောက်လုံး ကြီးစခန်းတွင် ကြိုဆိုကြမည် ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များ ပြည်တော်ပြန်ရေးအတွက် အောက်တိုဘာလ ၁၅ ရက်နေ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ဦးဆောင်သော အစိုးရအဖွဲ့တို့ မြဝတီမြို့သို့ လာရောက်ကြည့်ရှုခကြောင်း သိရသည်။

လက်ရှိ နို့ဖိုးဒုက္ခသည် စခန်းတွင် ဒုက္ခသည်ပေါင်း ၁၁၀၀၀ ခန့် ခိုလှုံနေပြီး ဆန်၊ ပဲနှင့် ငပိ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ ပေးနေသော်လည်း လုံလောက်မှု မရှိသဖြင့် စခန်းအပြင်ထွက်၍ ရှာဖွေစားသောက်နေရသူများလည်း ရှိ သည်ဟု နိုဖိုးဒုက္ခသည်စခန်း ဥက္ကဌ စောဝေါက ပြောသည်။

 “အခုပြန်ကြတော့ အခြေအနေ ကောင်းမွန်ပြီးတော့မှ အစီအစဉ်နဲ့ သေသေချာချာ ပြန်ဖို့အတိုင်းအတာအထိ မရှိနေ သေးဘူး။ အခုလိုမျိုး ဆန္ဒအလျောက်ပြန်တဲ့ လူတွေကို KRC က တားမြစ်ခြင်းမရှိဘူး။ ပြန်ဖို့လည်း အားတော့ မပေးဘူး။ ကျမတို့ ရပ်တည် ချက်ကလည်း အဲဒီလို မဟုတ်ဘူး”ဟု ကရင်ဒုက္ခသည် ကော်မတီ(KRC) ပြောရေးဆိုခွင့်ရှိသူ နော်ဘ လူးမင်းနိုက်ဇန် က ပြောသည်။

 နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်း-မြန်မာနယ်စပ် တာခ့်၊ ကန်ကျနဘူရီ၊ ရာချ်ပူရီ၊ မယ်ဟောင်ဆောင် စသည့် ခရိုင် ၄ ခုတွင် မြန်မာဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း ၁ သိန်းကျော် ခိုလှုံနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly