မြန်မာ-ထိုင်းနယ်စပ် တနင်္သာရီ-မောတောင်လမ်းတွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
30 March 2023
မြန်မာ-ထိုင်းနယ်စပ် တနင်္သာရီ-မောတောင်လမ်းတွင် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် တနင်္သာရီ-မောတောင် လမ်းပိုင်တွင် မတ်လ ၂၈ နှင့် ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KTLA-tcjf ကျားကြီး ကွန်မန်ဒိုတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။

တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာအုပ်စု ချောင်းနှစ်ပေါက်တံတားအနီးတွင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၂ ဦး သေဆုံးကာ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KTLA-tcjf ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDF ရဲဘော်တစ်ဦးက “တိုက်ပွဲကတော့ တော်တော်လေးကိုပြင်းထန်ခဲ့ပါတယ်။ ရန်သူက အင်အားအရမ်းများတော့ ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေ ခွာစစ်အနေနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ရ တယ်”ဟု ပြောသည်။

နှစ်ရက်ပေါင်းတိုက်ပွဲကြာမြင့်ချိန် ခုနစ်နာရီနီးပါးရှိခဲ့ကာ စစ်ကောင်စီတပ်က အင်အား ၉၀ နီးပါဖြင့် စစ် ကြောင်းထိုးလာပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် အချက်ရေ ၇၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ပူးပေါင်း တပ်ဖွဲ့ဝင်များထံမှ သိရသည်။

“ရန်သူအင်အားက အရမ်းများတော့ တိုက်ပွဲကမထင်မှတ်ထားတဲ့ အခြေအနေဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော်တို့အဖွဲက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်တော့  ၁၀ ကျော် သေပြီး ၂၀ နီးပါး ဒဏ်ရာရသွား တယ်” ဟု PDF ရဲဘော်တစ်ဦးကလည်း ပြောသည်။

တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် မတ်လ ၂၀ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

စာတည်း။    ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required