အမုန်းစကား ပြောဆို၊ ရေးသားသူတွေကို ထောင်(၃)နှစ်ချမယ့် ဥပဒေ လာတော့မယ်

အမုန်းစကား ပြောဆို၊ ရေးသားသူတွေကို ထောင်(၃)နှစ်ချမယ့် ဥပဒေ လာတော့မယ်
(ဓာတ်ပုံ- ပန်းစကား ဖေ့စ်ဘွတ်မှ)

နေပြည်တော်(စက်တင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန်နှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ပွားစေရန် အမုန်းစကားတစ်ရပ်ရပ်အား ပြောဆိုခြင်း၊ ထပ်ဆင့်ပြောဆိုခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းနှင့် လူထုဆက်သွယ်ရေးနည်းလမ်းမှတဆင့် ပြုလုပ်ဆောင်ရွက်မှုများအား ထောင်ဒဏ်(၃)နှစ်ထိ ကျခံစေရမည်ဟူ၍ ရေးဆွဲထားသော ဥပဒေကြမ်းတစ်ခု လွှတ်တော်သို့ မကြာခင် တင်သွင်းရန် ရှိနေသည်။

"အမုန်းစကားများ ကာကွယ်တားဆီးရေးဥပဒေ" ဟူ၍ အမည်ပေးထားသည့် ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ တို့က ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းအား ဥပဒေအဖြစ်ပြဌာန်းပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

လက်ရှိတွင်မူ ဥပဒေမူကြမ်းအား  ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပြောင်းလဲ၊ ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်ဟူသည့် အကြံပြုချက်များပြီးပါက သမ္မတရုံးသို့ပေးပို့ပြီးနောက် လွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဥပဒေကြမ်း၏ တားမြစ်ချက်ပါ ပုဒ်မ(၉)တွင် "မည်သူမျှ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန်နှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ပွားစေရန် အမုန်းစကားတစ်ရပ်ရပ်အား ပြောဆိုခြင်း၊ ထပ်ဆင့်ပြောဆိုခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းမှတဆင့် ပြုလုပ်ဆောင်ရွက်ခြင်းမပြုရ" ဟူ၍ ထည့်သွင်းရေးဆွဲပြီး ဖောက်ဖျက်ပါက အများဆုံးထောင်ဒဏ်(၃)နှစ် ကျခံရမည်ဖြစ်သည်။

"အဲ့ဒီပုဒ်မ(၉)ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ်(၆)လမှ အများဆုံး(၃)နှစ်အထိ ကျခံစေရမည်ဆိုပြီး ရေးဆွဲထားပါတယ်။  ပြစ်မှု၊ ပြစ်ဒဏ်တွေက လွှတ်တော်မှာ ပြင်ချင်လည်း ပြင်ဦးမှာပေါ့။ အတည်တော့ယူလို့မရသေးဘူးပေါ့" ဟု ဦးဇာနည်ဝင်းက ပြောသည်။

လူမျိုး၊ ဘာသာ တစ်ခုနှင့်တစ်ခုအကြား အမုန်းပွားစေသည့် လှုံ့ဆော်၊ ပြောကြားမှုများကို ဥပဒေဖြင့်ကာကွယ်မည့်အပေါ် Equality Myanmar(ညီမျှခြင်းမြန်မာ) မှ ဒါရိုတာဖြစ်သူ ဦးအောင်မျိုးမင်းက ကြိုဆိုလိုက်ပြီး "တစ်ဖက်မှာလည်း ဒီလိုမျိုးပြဌာန်းခြင်းကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်ဖို့က လိုအပ်တယ်။ တိတိကျကျ မသတ်မှတ်ထားရင် လိုသလိုတွေးပြီးတော့ လိုသလိုဆွဲတာလည်း ဖြစ်လာနိုင်တယ်" ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဖေသန်းကမူ "အမုန်းစကား" ဟူသည့် ဝေါဟာရအပေါ် တိတိကျကျအဓိပ္ပာယ်ဖွင့်ဆိုသင့်သည်ဟု ဆိုသည်။

"အဓိကတော့ အမုန်းစကားဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့ လိုတာပေါ့။ အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက် မပြည့်စုံရင် ရလဒ်တွေလွဲသွားနိုင်တယ်။ ဆိုပါတော့ဗျာ။ ဦးဖြိုးမင်းသိန်းက မဘသ(အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) မလိုဘူးလို့ပြောလိုက်တာကို အမုန်းစကားလို့ပြောလို့ မရဘူးလား။ ဒါလည်း အဖွဲ့တစ်ဖွဲ့ကို ထိခိုက်စေတယ်လေ။ အဲ့ဒါမျိုးဆိုရင်တော့ တော်တော့ကို အဓိပ္ပာယ်ဖွင့်ရ ခက်လိမ့်မယ်" ဟု ဦးဖေသန်းက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required