ဇီကာပိုးက မျက်လုံးများအတွင်း နေထိုင်နိုင်ပြီး မျက်ရည်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ခြေရှိဟု လေ့လာချက်တစ်ခုတွင် တွေ့ရှိ

ဇီကာပိုးက မျက်လုံးများအတွင်း နေထိုင်နိုင်ပြီး မျက်ရည်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ခြေရှိဟု လေ့လာချက်တစ်ခုတွင် တွေ့ရှိ

စက်တင်ဘာ ၇ ။              ။ ဇီကာဗိုင်းရပ်စ်ပိုးသည် မျက်လုံးမျက်ဆံအတွင်း နေထိုင်ရှင်သန်နိုင်သည်ဟု သုတေသီများက စက်တင်ဘာလ ၆ ရက်က ပြောကြားသည်။ ပိုးကူးစက်ခံရသူ လူနာတစ်ချို့တွင် မျက်စိနှင့်ပတ်သက်သည့် ဝေဒနာများခံစားနေရခြင်းနှင့် အမြင်အာရုံကွယ်သွားသည့်အထိ ဖြစ်ပွားနေရခြင်းနှင့်ပတ်သက်၍ ရှင်းပြနိုင်ရန် သုတေသီများက ကြွက်များတွင် ကနဦးစမ်းသပ်မှုတစ်ချို့ လုပ်ဆောင်ခဲ့သည်။

Cell Reports ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာချက်တွင် ကြွက်များ၏ မျက်စိများအတွင်း ဇီကာပိုးကူးစက်ပြန့်ပွားမှုနှင့် ဆက်စပ်အကြောင်းအရာများကို လေ့လာခဲ့သည်။

" ကျွန်တော်တို့ လေ့လာတွေ့ရှိသမျှကတော့ မျက်လုံးတွေဟာ ဒီဗိုင်းရပ်စ်ပိုးအတွက် နေလို့ရတဲ့ နေရာတစ်ခုလိုဖြစ်နိုင်တာကို တွေ့ရပါတယ်" ဟု လေ့လာချက်တွင် ပါဝင်ခဲ့သည့် ဝါရှင်တန် ဆေးဘက်တက္ကသိုလ်မှ ပါမောက္ခ မိုက်ကယ်ဒိုင်းမွန်းက ပြောသည်။

" ဒါကြောင့်မို့လို့ လူတွေရဲ့မျက်လုံးတွေမှာရော ဒီဇီကာပိုးက နေထိုင်နေနိုင်မလားဆိုတာနဲ့ ဘယ်လောက်ကြာကြာ ရှင်သန်နေထိုင်နိုင်သလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားဖို့ လိုလာပါပြီ" ဟု ၎င်းက ပြောသည်။ ယင်းအတွက်ကြောင့် လူနာများ၏ မျက်ရည်များမှတဆင့် ယင်းပိုး ကူးစက်ပြန့်ပွားနိုင်ခြေလည်း ရှိနေကြောင်း ၎င်းကပင် မှတ်ချက်ပြုပြောသည်။

သုတေသီများသည် ယခုအခါ ယင်းလေ့လာချက်ကို ဇီကာပိုးကူးစက်ခံထားရသူ လူသားများတွင်လည်း စမ်းသပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

လက်ရှိအချိန်တွင်မှာမူ ဇီကာပိုးကူးစက်ခံထားရသူ အများစုအနေဖြင့် သာမန်မပြင်းထန်သော လက္ခဏာရပ်များဖြစ်သော ဖျားနားခြင်းအဖုအပိန့်ထွက်ခြင်းတို့သာ မြင်တွေ့နေရပြီး ကိုယ်ဝန်ဆောင်မိခင်များ ကူးစက်ခံရပါက မွေးလာမည့် ကလေးများတွင် ဦးခေါင်းဖွံ့ဖြိုးမှု ပုံမမှန်ဘဲ မွေးဖွားလာနိုင်သည်ကို တွေ့ရှိထားရသည်။

သို့သော် မိခင်သားအိမ်ထဲတွင် ဇီကာပိုးကူးစက်ခံရသူ ကလေး သုံးပုံ ပုံတစ်ပုံခန့်မှာမူ မျက်စိနှင့်ပတ်သက်သည့် ဝေဒနာများဖြစ်သော မျက်စိအာရုံကြော ရောင်ယမ်းခြင်း၊ ပျက်စီးခြင်းနှင့် နောက်ဆုံး မျက်စိကွယ်ခြင်းတို့အထိပါ ရှိနေနိုင်ကြောင်း သုတေသီများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required