တံတောင်စွမ်းပြခဲ့သည့် မန်စီးတီးတိုက်စစ်မှူးအဂူရို စွဲချက်တင်ခံရ

တံတောင်စွမ်းပြခဲ့သည့် မန်စီးတီးတိုက်စစ်မှူးအဂူရို စွဲချက်တင်ခံရ

သြဂုတ် ၃၁၊ မန်ချက်စတာ။            ။ ဝက်စ်ဟမ်းအသင်းမှ ဝင်စတန်ရိဒ်ကို တံတောင်စွမ်းပြခဲ့သည့် မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီရို အဂူရိုအား အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်က စွဲချက်တင်ထားသည်။

သို့ဖြစ်ရာ အဂူရိုအနေဖြင့် စီးတီး၏ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲဖြစ်သော စက်တင်ဘာ ၁၀ တွင်ကစားမည့် မန်ချက်စတာ ယူနိုက်တက်နှင့်ပွဲ၊ စက်တင်ဘာ ၁၇ တွင်ကစားမည့် ဘုန်းမောက်နှင့်ပွဲတို့အပါအဝင် သုံးပွဲပယ်ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိနေ သည်။

အသက် ၂၈ နှစ်အရွယ်ကစားသမားအနေဖြင့် ဆွမ်ဆီးနှင့်ကစားရမည့် EFL ဖလားပွဲ တတိယအဆင့်ကိုလည်း လွဲချော်ရဖွယ်ရှိ နေသည်။

အဂူရိုသည် စက်တင်ဘာအတွင်းကစားမည့် အာဂျင်တီးနားအသင်း၏ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကိုလည်း ခြေသလုံး ဒဏ်ရာကြောင့်လွဲချော်မည်ဖြစ်သည်။

စီးတီးက ဝက်စ်ဟမ်းကို ၃-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲ ပွဲချိန် ၇၆ မိနစ်တွင် အဂူရို၏လုပ်ရပ်ကို ကွင်းလယ်ဒိုင် မာရီနာက တွေ့မြင်ခဲ့ခြင်းမရှိသော်လည်း အက်ဖ်အေက ရုပ်သံပြကွက်များကိုပြန်လည်ကြည့်ရှုပြီး စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ကြမ်းတမ်းသည့်အပြုအမူအတွက်စွဲချက်တင်ခံထားရသော အဂူရိုအနေဖြင့် သြဂုတ် ၃၁ ရက်နေ့အထိ ဖြေရှင်းခွင့်ရရှိထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required