မန်ချက်စတာစီးတီးဟာ ပေါင်သန်း ၃၀၀ ရင်းနှီးမြုပ်နှံမှုအဖြစ် ဟိုတယ်တစ်လုံး၊ ပြတိုက်တစ်ခုနဲ့ တခြား လိုအပ်တဲ့ အဆောက်အအုံတွေကို ထည့်သွင်းတည်ဆောက်ရင်း သူတို့ရဲ့ အီတီဟတ်အားကစားကွင်းရဲ့ ပရိသတ်ဝင်ဆံ့မှုကို ၆၀,၀၀၀ ကျော်အထိ တိုးချဲ့ဖို့ အစီအစဉ် လျှောက်တင်လွှာကို တင်သွင်းခဲ့ပါတယ်။
အစီအစဉ်တွေအရ ကွင်းမှာ ထိုင်ခုံအသစ် ၇,၀၀၀ ခန့်အပြင် ဖန်ဇုန်အသစ်တစ်ခု၊ ကလပ်ဆိုင်တစ်ဆိုင်၊ ပြတိုက်တစ်ခုနဲ့ ခုတင် ၄၀၀ ဆံ့ ဟိုတယ်တစ်လုံးတို့လည်း ထည့်သွင်းမှာဖြစ်ပါတယ်။
ယူရို ၂၀၂၈ အတွက် ယူကေနဲ့ အိုင်ယာလန်တို့ရဲ့ ပူးတွဲကျင်းပရေး ကမ်းလှမ်းမှု အောင်မြင်ပါက ပြီးခဲ့တဲ့အပတ်က အသစ်စီစဉ်ထားတဲ့ ပရိသတ် ၆၁,၀၀၀ ဝင်ဆံ့ အီတီဟတ်ဟာ ပွဲစဉ်တွေ လက်ခံကျင်းပမယ့် အားကစားကွင်း ၁၀ ခုစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ဟာ အီတီဟတ်ကွင်းမှာ ပရိသတ်ခံစားတွေ့ကြုံမှု အကောင်းဆုံးအတန်းအစားတစ်ရပ်နဲ့ တစ်နှစ်ပတ်လုံး ဖျော်ဖြေရေးနဲ့ အပန်းဖြေနေရာတစ်ခုအတွက် စိတ်ကူးစိတ်သန်းတွေနဲ့ ဒီဇိုင်းတွေကို ဖန်တီးနေပြီး အခုအခါမှာ မန်ချက်စတာစီးတီးကောင်စီထံ အစီအစဉ် လျှောက်လွှာတင်ပြီး ဝမ်းမြောက်မိပါတယ်"လို့ စီးတီးအသင်းရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒယ်နီ ဝီဆင်က ပြောပါတယ်။
"အသင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အားလုံးလိုပဲ ကျနော်တို့ရဲ့ ဒေသခံလူထုအကျိုးအမြတ်ရရှိရေးဟာ အဓိက ဦးစားပေးဖြစ်ပြီး ဒီအဆိုပြုချက်တွေက ၂၀၀၈ ကတည်းက City Football Group က အရှေ့မန်ချက်စတာမှာ ပေးအပ်တဲ့ ပြန်လည်ဆန်းသစ်တဲ့ လုပ်ငန်းကို တည်ဆောက်ပေးရင်း ရေရှည်စီးပွားရေးနဲ့ လူမှုရေးအခွင့်အလမ်းတွေကို ပေးစွမ်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"
အဘူ-ဒါဘီ ကျောထောက်နောက်ခံပြုက လွန်ခဲ့တဲ့ ၁၅ နှစ်က အသင်ဂကို ပိုင်ဆိုင်ပြီးနောက်ပိုင်း အီတီဟတ် တစ်ဝိုက်က ဧရိယာဟာ ပြောင်းလဲသွားပါတယ်။
ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းနဲ့ ရုံးချုပ်တို့ပါဝင်တဲ့ အီတီဟတ် ပရဝုတ်ဟာ ၂၀၁၂ မှာ ဖွင့်လှစ်ခဲ့ပြီး အရင်က တိုးချဲ့မှုဖြစ်တဲ့ အီတီဟတ်ရဲ့ တောင်ဘက် ပွဲကြည့်စင်ကို ၂၀၁၅ မှာ ပြီးစီးခဲ့ပါတယ်။
လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းတွေထဲ မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းက ပရိသတ်ဝင်ဆံ့မှု အများဆုံးဖြစ်ပြီး ပရိသတ် ၆၀,၀၀၀ အထက် ဝင်ဆံ့တဲ့ကွင်း ပိုင်ဆိုင်ထားတဲ့အသင်းတွေမှာ မန်ယူ၊ ဝက်စ်ဟမ်း၊ တော့တင်ဟမ်နဲ့ အာဆင်နယ် စုစုပေါင်း လေးသင်းသာ ရှိပါတယ်။
(AFP)