နယူးယော့ခ်၊ ဇူလိုင် ၂၆ ။ ။ ကမ္ဘာကျော်အဆိုတော် ရီဟားနားသည် ယခုသီတင်းပတ်ကုန်က ဖျော်ဖြေပွဲတစ်ခုတွင် တစ်စုံတစ်ယောက်က လူကြိုက်များနေသော မိုဘိုင်းဂိမ်းတစ်ခုဖြစ်သည့် Pokemon Go ဂိမ်းကစားနေသည်ကို တွေ့ရှိပြီးနောက် ၎င်း၏ဖျော်ဖြေပွဲတွင် အဆိုပါ ဂိမ်းကို မကစားကြရန် ပရိတ်သတ်များကို ပြောကြားခဲ့သည်။
“ ချစ်သူတွေဆီကို စာရိုက်ပို့နေတဲ့ ပရိတ်သတ်တွေကို ကျွန်မ မမြင်ချင်ဘူး။ပရိသတ်တွေ Pokemon ဂိမ်းကစားနေတာကိုလည်း မမြင်ချင်ပါဘူး။”ဟု ရီဟားနားက ပြင်သစ်နိုင်ငံ လီလီမြို့တွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲ၌ ပရိတ်သတ်များကို ပြောကြားခဲ့သည်။
Pokemon Go ဂိမ်းသည် ပြင်သစ်နိုင်ငံဖျော်ဖြေပွဲများတွင် ပြဿနာတစ်ရပ် ဖြစ်လျက်ရှိသည်။ဘီယွန်းစေး၏ ဖျော်ဖြေပွဲတစ်ခုတွင် ပရိတ်သတ်တစ်ဦးသည် Pokemon Go ဂိမ်းကို ကစားခဲ့သည့်အတွက် ဝေဖန်ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်သုံးပတ်ကျော်က Pokemon Go ဂိမ်း စတင်ပေါ်ပေါက်ခဲ့သည့်အချိန်မှစ၍ အဆိုပါ ဂိမ်းကိုကြိုက်နှစ်သက်သူ များပြားလျက်ရှိသည်။လူတစ်ချို့သည် Pokemon ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်ရန်အတွက် အလုပ်မှထွက်ခဲ့ကြကြောင်း နှင့် အခြားလူတစ်ဦးသည်လည်း ကားမောင်းနေစဉ် ဂိမ်းကို ဆော့နေသည့်အတွက် သစ်ပင်ကိုဝင်တိုက်မိခဲ့ပြီး ဂိမ်းကစားသူများကြောင့် မရေမတွက်နိုင်အောင် မတော်တဆမှုများဖြစ်ပွားခဲ့ပြီး ဂိမ်းကစားသူများကိုလည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိခဲ့သည်။