မြန်မာနိုင်ငံတွင် သဘာဝဘေးအလွန် ကာလ ပြန်လည်ထူထောင်ရေးလုပ်ရန် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးမည်

မြန်မာနိုင်ငံတွင် သဘာဝဘေးအလွန် ကာလ ပြန်လည်ထူထောင်ရေးလုပ်ရန် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးမည်
ကလေးမြို့ ရေနစ်မြုပ်နေသည့်မြင်ကွင်းအား ဝေဟင်မှ မြင်ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်က မြန်မာအစိုးရကို အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးမည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။

ယင်း ချေးငွေဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းကြောင့် အရေးပေါ် ဒေသများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်း စီမံချက် အဖြစ် သဘာဝဘေးဒဏ်ကို ခံနိုင်ရည် ရှိသည့် လမ်းများ ဆောက်လုပ်ရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အသုံးပြုသွားမည်ဖြစ်သည်။

ယမန်နှစ်က ရေကြီး၊ မြေပြိုမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ အဆိုးရွားဆုံး ထိခိုက်ခဲ့သည့်အတွက် ယင်းဒေသများကို အထူးဦးစားပေး ဆောင်ရွက်မည်ဟုလည်း သိရသည်။

“ဒီချေးငွေရဲ့ အကူအညီနဲ့ ရာသီဥတုဒဏ်ကိုခံနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်မှာ ဖြစ်ပြီး နောက်တစ်ခါ သဘာဝဘေးအန္တရာယ်နဲ့ ကြုံလာခဲ့ရင် လမ်းတွေ ရေဒဏ်ကြောင့် မပျက်စီးရအောင် ကာကွယ်နိုင်ပါမှာ ဖြစ်ပါတယ်။” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်တင်မိုးမြင့်က ပြောကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁.၆ သန်းခန့် နေရာ ရွှေ့ပြောင်းခဲ့ရကာ စုစုပေါင်း ၁၃၂ ဦး သေဆုံးခဲ့ရသည်။ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ၂၀၁၄/၁၅ ခုနှစ် တိုင်းပြည် ဂျီဒီပီ၏ ၃.၁ ရာခိုင်နှုန်းခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ်အပါအဝင် အခြား ဖွံ့ဖြိုးရေး မိတ်ဖက်များ၏ အကူအညီဖြင့် မြန်မာနိုင်ငံ အစိုးရက ပြုစုထားသည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအလွန် ကာလ လေ့လာဆန်းစစ်ချက် အစီရင်ခံစာ အရ သိရသည်။

ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး အစိုးရပိုင် ပစ္စည်းများ ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းခန့်ရှိသည်ဟုလည်း ဆိုသည်။

ယခုချေးငွေဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် အရေးကြီးသည့် စက်ယန္တရားကြီးများနှင့် အသုံးအဆောင်များ၊ ထုတ်လုပ်ရေး သွင်းအားစုများနှင့် အခြား ကုန်ပစ္စည်းများ ဝယ်ယူရာတွင်လည်း အသုံးပြုသွားမည်ဖြစ်ပြီး တောင်သူလယ်သမားများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများ၏ ဘ၀ ပြန်လည် ထူထောင်ရေးနှင့် အနာဂတ် တွင် ကြုံတွေ့နိုင်သည့် သဘာ၀ ဘေးအန္တရာယ်များ ကျရောက်ပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ပံ့ပိုးကူညီသွားမည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly