ရေကြီးရေလျှံမှုဘေး သတိပြုရန်  NUG ထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
23 June 2023
ရေကြီးရေလျှံမှုဘေး သတိပြုရန်  NUG ထုတ်ပြန်
Photo- ဇွန်လ ၂၂ရက်ညနေက ဖားကန့်ဒေသ မြေနိမ့်ပိုင်းနေရာအချို့၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်

ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်းပြီး  ကမ်းရိုးတန်းဒေသနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်၍ ရေကြီးရေလျှံမှုသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားသည်။

ဇွန်လ ၁၉ရက်မှ ဇွန်လ ၂၅ရက်အထိ ရာသီဥတုအခြေအနေကို MOHADM က ထုတ်ပြန်ထားရာ ရေကြီးရေလျှံမှုသတိပေးချက် ပါဝင်နေသည်။

မြန်မာကမ်းရိုးတန်းဒေသများတွင် ဇွန်လကုန်အထိ မုတ်သုံလေ ဆက်လက်အားကောင်းပြီး ကမ်းရိုးတန်းဒေသများနှင့်  မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌ မိုးဆက်လက်ကောင်းနေနိုင်သည်ဟု MOHADM ကသတိပေးထားသည်။

ယခုရက်ပိုင်းတွင်  ရခိုင်ပြည်နယ်၌ မိုးကောင်းနေပြီးစစ်တွေမြို့၌ မိုးရွာနေသည်မှာ  ငါးရက်ဆက်တိုက် ရှိပြီဟု ဒေသခံများကပြောသည်။ 

“ငါးရက်လောက်ရှိနေပြီ။​ ရေကြီးတဲ့အထိတော့ မရှိသေးပါဘူး။ တနေ့ကတော့ သည်းပြီးရွာတယ်။ ဒီနေ့တော့ ဖွဲပြီးရွာနေတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၂၃ရက် ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့ တွင်လည်း ယခုရက်ပိုင်း မိုးများနေသည်ဟု သိရသည်။  မိုးရွာသွန်းမှုကြောင့် ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာ ဒေသရှိ ​နမ့်ပေါ်ချောင်းနှင့်နမ့်ခိုင်ချောင်းရေလျှံကာ မြေနိမ့်ပိုင်းများ ရေဝင်နေသည်ဟု ဒေသခံများကပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကံဆီးဒေသတွင်လည်း  မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ယမန်နေ့ ဇွန်လ ၂၂ ရက်မှစတင်ကာ  ဥရုချောင်းရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဒေသအများအပြား မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ယနေ့တိုင်းတာချက်အရ ကချင်ပြည်နယ်၊ ချမ်းဘောမြို့တွင်၂၄နာရီအတွင်း  မိုးရေချိန်  ၄ဒဿမ၆၁လက်မ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ၃ဒဿမ ၀၃လက်မ ရွာခဲ့သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ ဒေသတစ်ခုတွင် ၂၄နာရီအတွင်း မိုးရေချိန် ၃လက်မရွာသွန်းပါက ပုံမှန်ထက် မိုးကောင်းသည့်  အခြေအနေဖြစ်သည်။ 

မနက်ဖြန် ဇွန်လ ၂၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required