ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC မှ ထိပ်သီးခေါင်းဆောင်လေးဦး သွားတွေ့မည်

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC မှ ထိပ်သီးခေါင်းဆောင်လေးဦး သွားတွေ့မည်

ချင်းမိုင်၊ ဇူလိုင် ၁၁ ။  ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ထိပ်သီးခေါင်းဆောင် လေးဦးတို့က လာရောက် တွေ့ဆုံမည်ဟု UNFC ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Khum Phu Come ဟိုတယ်တွင် ပြုလုပ်သော UNFC ဗဟိုအလုပ်အမှုဆောင် 
အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘာလ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အေဘယ်လ်တွီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(SSPP)မှ နာယက ဗိုလ်ချုပ်ဆေထင်တို့ လေးဦး သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“သဘောကတော့ ၂၁ ရာစုပင်လုံ ညီလာခံ မတိုင်ခင်မှာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ကျနော်တို့ လူကြီးတွေနဲ့ တွေ့ဆုံဖို့ ကိစ္စ၊ အလွတ်သဘောပါ။ ကျနော်တို့ဘက်က တွေ့ဆုံဖို့ ဆန္ဒရှိတယ်။ တွေ့ဆုံဖို့ သဘောတူထားတယ်။ အဲတော့ သွားမယ်။ သွားတဲ့အခါကြရင် ဘယ်တော့သွားမယ်။ ဘယ်သူတွေပါမယ်။ ဘာတွေ ညှိနှိုင်းမလဲ အဲဒါတွေ ညှိနှိုင်းတိုင်ပင်ကြတယ်၊ ခေါင်းဆောင်ကြီး လေးဦးပါတယ်”ဟု နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။

၂၁ ပင်လုံရာစု ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး ပါဝင်ရန်နှင့် ညီလာခံအတွင်း ဆွေးနွေးခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

“အဓိကတော့ ၂၁ ရာစုပင်လုံမှာ သူတို့က ဖိတ်ခေါ်ထားတယ်။ အဲဒီမှာ ကျနော်တို့ မရှင်းတာက အဖွဲ့ဝင် အားလုံး ပါဝင်နိုင်မလား။ ပါဝင်ရင်ကော တဖက်က တန်းတူအဆင့်အတန်းမျိုးနဲ့ ပါဝင်နိုင်မလား။ နောက်တချို့နေရာမှာ ဥပမာ ဆွေးနွေးခွင့်တွေ၊ ဆုံးဖြတ်ခွင့်တွေ ဘယ်လို ရှိမလဲပေါ့လေ။ အားလုံးရှင်းအောင်ပေါ့ဗျာ။ လိုရင်လိုသလိုပေါ့။ နောက် ၂၁ ပင်လုံဆိုတဲ့ သူ့ရဲ့ အဓိက လိုလားချက်က ဘာကို ရည်ရွယ်လဲပေါ့နော်။ အဲဒါတွေကအစပေါ့လေ။ ကျနော်တို့ကတော့ ၂၁ ရာစုပင်လုံကို ရည်ရွယ်ပြီးတော့မှ အဲဒီမှာ ကျနော်တို့ဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ။ ကျနော်တို့ လုပ်ထားနိုင်တယ်။ အခြေအနေကို သူတို့ဘက်က ဘယ်လို ပြင်ဆင်ထားတယ်။ ဘယ်လို သဘောထားရှိတယ်ဆိုတဲ့ဟာတွေကို သိနိုင်ဖို့ တွေ့ဆုံတဲ့သဘောလည်းပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် နိုင်ဟံသာ ဦးသောအဖွဲ့ကလည်း မကြာမီရက်ပိုင်းအတွင်း ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) နှင့် မိုင်းလား (NDAA)တို့ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တက်ရောက်ရန် သွားရောက် ဖိတ်ကြားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

“ရက်တော့ မသတ်မှတ်ရသေးပါဘူး။ အဲဒါလည်း အဓိက မိုင်ဂျာယန်အစည်းအဝေးမှာ ဝ နဲ့မိုင်းလာတို့အတူတူ ပါနိုင်အောင်ပေါ့လေ။ သွားညှိတဲ့သဘောပါ”ဟု သူက ပြောသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ် အပါအဝင် ဗိုလ်ချုပ် စိုင်းထူး၊ နိုင်ရွှေသိန်းတို့ ပါဝင်သော အဖွဲ့သည် ရန်ကုန်မြို့သို့ သွားရောက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် UNFC ထိပ်သီးခေါင်းဆောင်များ ရန်ကုန်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် UNFC ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတွင် ဒုတိယအကြိမ် ညီလာခံ ကျင်းပရေး ပြင်ဆင်ခြင်းနှင့် ကာကွယ်ရေးဌာနမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု(ပြည်ထောင်စု မြန်မာနိုင်ငံ)၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများ(မူကြမ်း) အပေါ် ဆွေးနွေးသုံးသပ်ကြမည် ဖြစ်ကြောင်း သိရသည်။

UNFC မှ စစ်ဦးစီးချုပ်များက အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ ဇူလိုင်လ ၁၀ ရက်ကလည်း ဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင်များအနေဖြင့် အနာဂတ်တွင် တပ်မတော်အား အသွင်ပြောင်းဖွဲ့စည်းမည်ဆိုပါက မည်သည့် ပုံစံမျိုး ဖွဲ့စည်းရန် ဆွေးနွေးခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

ယနေ့ ကျင်းပနေသော UNFC ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးတွင် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး ခူဦးရယ်တို့ အပါအဝင် အဖွဲ့ဝင်များ စုစုပေါင်း ၂၀ ကျော် တက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။ အစည်းအဝေးကို မနက်ဖြန် ဇူလိုင်လ ၁၂ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly