ရှမ်းမြောက်တိုက်ပွဲများရန့်တန့်ရေး ကျောက်မဲဒေသခံ ၃၀၀၀ကျော် ဆန္ဒပြ

ရှမ်းမြောက်တိုက်ပွဲများရန့်တန့်ရေး ကျောက်မဲဒေသခံ ၃၀၀၀ကျော် ဆန္ဒပြ

ချင်းမိုင်၊ မေ ၂၉ ။             ။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့တွင် တိုက်ပွဲများ ရပ်တန့်ရေးနှင့် အရပ်သားများအား တိုက်ပွဲအတွင်း ဖမ်းဆီး နှိပ်စက်ခြင်းများ မပြုလုပ်ရန် ကျောက်မဲမြို့ခံ ရှမ်းလူမှုအဖွဲ့အစည်းများနှင့် ဒေသခံ ၃၀၀၀ ကျော်က မေလ ၂၈ ရက် နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

မေ ၂၈ရက် နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်ထိ ကျောက်မဲမြို့ ပင်လုံကားလမ်း ကမ္ဘာဇ ရှမ်းဘုန်းကြီးကျောင်းမှ ခရိုင်ရဲစခန်းထိ တောင်းဆိုချက်များ ရေးသားထားသော စာတန်းများ ကိုင်ဆောင်၍ ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ကျောက်မဲမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

“အရပ်ဘက်အဖွဲ့အစည်းတွေက သူတို့ စုပြီးတော့ ခွင့်ပြုချက်တောင်းပြီးတော့ စစ်ပွဲရပ်ဖို့ရယ်၊ တိုက်ပွဲကြောင့် လူတွေကို အကာအကွယ် မရတဲ့အနေအထားတွေ ကန့်ကွက်တာပေါ့လေ။”ဟု သူက မဇ္ဈိမကို ပြောသည်။

အဓိက ဦးဆောင်သူများသည် ရှမ်းလူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများ၊ လူငယ်ကွန်ယက်အဖွဲ့အစည်းများ စုပေါင်း၍ ဒေသခံ ပြည်သူများ ၃၀၀၀ ကျော် တောင်းဆိုဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ဒါက ကျနော်တို့ ကိုယ်စားလှယ်တွေက ဘယ်သူ့ကိုမှလည်း အားပေးထောက်ခံတာ မရှိဘူး။ လွှတ်တော်ထဲကနေလည်း လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား ပြင်ဆင်ထားတာပေါ့လေ။ သူတို့ ပြည်သူတွေကလည်း သူတို့ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ ဖော်ထုတ်ဆန္ဒပြတာပါပဲ”ဟု သူက ဆက်လက် ပြောဆိုသည်။

မကြာသေးမီက ကျောက်မဲမြို့နယ်အတွင်း အရပ်သားများ ပါဝင်သော အလောင်း ၈ လောင်းကို မီးရှို့သတ်ဖြတ်ခံရပြီးနောက် ယခုကဲ့သို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများက တောင်းဆို ဆန္ဒဖော်ထုတ်လာခြင်း ဖြစ်သည်။

အဆိုပါ အရပ်သားများအား မီးရှို့သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ကျားခေါင်းပါတီမှ ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်လှယ် စိုင်းထွန်းဝင်းက ရှမ်းပြည်နယ်အစိုးရ လွှတ်တော်သို့ တင်သွင်းသွားမည်ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်အတွင် မေလဆန်းပိုင်းမှစတင်၍ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ၏ ဝမ်ဟိုင်းဌာနချုပ် အနီးသို့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မေလ ၅ ရက်မှ ၂၀ ရက်ထိ SSPP/SSA ဝမ်ဟိုင်းအဖွဲ့သည် သတ်မှတ်နယ်မြေကျော်လန်လာသဖြင့် တပ်မတော်စစ်ကြောင်းနှင့် တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်မှ အရာရှိ စစ်သည့်တစ်ချို့ ကျဆုံးကာ ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း တပ်မတော်မှ မေလ ၂၁ ရက်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly