ရန်ကုန်လူမိုက်ဂိုဏ်းခေါင်းဆောင် ကျော်ဝင်းစိန် ဓားထိုးခံရ၍ သေဆုံး

By ရောင်နီ၊ ဂန္ဒမာ (မဇ္စျိမ)
09 December 2023
ရန်ကုန်လူမိုက်ဂိုဏ်းခေါင်းဆောင် ကျော်ဝင်းစိန် ဓားထိုးခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် လူမိုက်နှင့် ပျူစောထီးခေါင်းဆောင် ကျော်ဝင်းစိန် ဓားထိုးခံရ၍ သေဆုံးသွားကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။  

စစ်ကောင်စီက အင်းစိန်မြို့နယ် ပျူစောထီးခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ထားသည့် ကျော်ဝင်းစိန်ကို ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်းက ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းတွင် အခြားလူမိုက်တဦးက ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။ 

“ ဒီသတင်းသေချာ မသေချာ ရန်ကုန်ကို လှမ်းတောက်တဲ့ အခါကြတော့ ရန်ကုန်ကနေ ဟုတ်မှန်တဲ့အကြောင်း ကျွန်တော့်ကို လှမ်းပြောတယ်။ ” ဟု ကျော်ဝင်းစိန်သေဆုံးသည့်သတင်းအပေါ်  အင်းစိန်အောင်စိုးက အတည်ပြု သည်။ 

ဓားထိုးခံရခြင်းကြောင့် သေဆုံးခဲ့သည့် ကျော်ဝင်းစိန်သည် အသက် ၅၀ ၀န်းကျင်ခန့်အရွယ်ရှိပြီ ဖြစ်သည်။ 

၎င်းကို ၂၀၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် အမှုပေါင်းများစွာဖြင့်  ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခဲ့ကာ ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ 

ထိုသို့ လွတ်မြောက်လာသည့်နောက် အင်းစိန်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖြစ် လုပ်ကိုင်ကာ မြို့နယ်အတွင်းရှိ စစ်တပ်အာဏာသိမ်းဆန့်ကျင်သူများကို ဖိနှိပ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။  

ထို့အပြင် အင်းစိန်မြို့နယ်၊ အောင်ဇေယျအိမ်ယာနှင့် လှိုင်သာယာမြို့နယ်ရှိ နေရာအချို့ကို အပိုင်စားယူကာ ၎င်း၏ တပည့် လူမိုက်များဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ဆက်ကြေးကောက်ခြင်းများကို လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။ 

“ သူနဲ့  ကျွန်တော်နဲ့က အတူတူ ထောင် ၅၈ နှစ်ကျတဲ့အမှုတွဲပဲလေ။  သူ့ကိုအဲ့အချိန်ကာလထဲက ကျွန်တော်က မနှစ်သက်ဘူး။ မနှစ်သက်ဘူးဆိုတာဘာလဲဆိုတော့ သူက ငွေရဖို့ဆိုရင် ဘာမဆိုလုပ်မယ့် အမျိုးအစားဖြစ်တယ်။ ကျွန်တော်တို့ကျတော့ အဲ့ဒါကိုလက်မခံဘူး။ သူ့မှာ ညီအစ်ကို တပည့်တပန်းတွေ ရှိတယ်။ မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်တယ်၊ သူက အဲ့ဒါနဲ့ဖြတ်သန်းတယ်။ တော်လှန်ရေးအစုအဖွဲ့တွေကို သတင်းပေးတယ်၊ အနိုင်ကျင့်တယ်” ဟု အင်းစိန်အောင်စိုးက ပြောသည်။

မြန်မာပြည်အနှံ့တွင် လူဆိုးလူမိုက်များစွာရှိပြီး ပြည်သူလူထုအပေါ် ခေတ်အဆက်ဆက် အနိုင်ကျင့်ဗိုလ်ကျ နှိပ်စက်မှုများပြုလုပ်သော်လည်း ယခု နွေဦးတော်လှန်ရေးတွင်တော့ ၉၀ ရာခိုင်နှုန်းသော လူမိုက်များမှာ စစ်တပ်ဘက်ကသာ ရပ်တည်ပြီး ပြည်သူကို ဒုက္ခပေးနေသည်ကိုသာတွေ့ရပြီး ၎င်းတို့သည်လည်း အနှေးနှင့်အမြန် လူမိုက် ကျော်ဝင်းစိန်၏ ယခုဖြစ်ရပ်ကဲ့သို့ဖြစ်ရပြီး ဒုက္ခရောက်ကြရမည်ဖြစ်ကြောင်း အင်းစိန်အောင်စိုးက မှတ်ချက်ပြုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နွေဦးတော်လှန်ရေး
#ဓားထိုးခံရခြင်း
#အင်းစိန်မြို့နယ် 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required