ကချင်အမျိုးသားများ မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးနေ့ကျင်းပပြုလုပ်

ကချင်အမျိုးသားများ မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးနေ့ကျင်းပပြုလုပ်
 မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ- ခွန်းအောင်)

ချင်းမိုင် ၊ ဧပြီ ၂၆ ။            ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဧပြီ ၂၅ ရက်နေ့က ဒုတိယအကြိမ်မြောက် ကချင်အမျိုးသားများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားများ   နေရာအနှံ့ ပြုလုပ်ကျင်းပခဲ့ကြသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ကချင်အမျိုးသားများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ လူထု ဆုတောင်းပွဲ အခမ်းအနားသို့ ဒေသခံ လူထု ၅၀၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့နှစ်စဉ် ကျင်းပတယ်။ ဘာသာရေး ဂိုဏ်းပေါင်းစုံကနေ ဦးဆောင်ပြီးလုပ်ကြတယ်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ တာတွေကို လူထုကို ကျေးဇူးတင်စကား ပြောတယ်။ မူးယစ် ဆေးဝါး ဆက်လက် တိုက်ဖျက်သွားကြဖို့ ပြောချင်တယ်”ဟု မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဌ ဦးတူးရော်က ပြောသည်။

အခမ်းအနားတွင် ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက ဆုတောင်းဝတ်ပြုခြင်း၊ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး ဒို့အရေး၊ မူးယစ်ဆေးဝါး ထိုးသူများ ဒို့ရန်သူ၊ ဘိန်းစိုက်ပျိုးသူ ဒို့ရန်သူ၊ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ စသည့် ကြွေးကြော်သံများ ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ကင်းစင်သည်အထိ ဆက်လက် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိန်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနား အပါအဝင် တနိုင်းမြို့များတွင် မူးယစ်ဆေးဝါး ပပျောက်ရေး စာတမ်းများ ကိုင်ဆောင်၍ လူထုဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ဌာနချုပ် လိုင်ဇာတွင်လည်း ကချင်အမျိုးသား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိန်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟောပြောပွဲ ကျင်းပခဲ့သည်ဟု သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ မူဆယ်၊ လားရှိူး စသည့်မြို့များတွင်လည်း နေရာအနှံ့ ကျင်းပခဲ့သည်။

၂၀၁၄ ခုနှစ်က ကိုယ်ထူကိုယ်ထ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Ja San) က ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စတင်လုပ်ဆောင်ခဲ့သော အထိန်းအမတ်အဖြစ် ၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်မှ စတင်ကာ ကချင်အမျိုးသား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိန်းအမှတ် ဆုတောင်းပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly