တောင်သူများ စစ်ဘေးတိမ်းရှောင်နေရသဖြင့် ရခိုင်တွင် ကောက်စိုက်ချိန် နောက်ကျနိုင်

တောင်သူများ စစ်ဘေးတိမ်းရှောင်နေရသဖြင့် ရခိုင်တွင် ကောက်စိုက်ချိန် နောက်ကျနိုင်
ဓာတ်ပုံ-CJ စစ်ရှောင်ဒုက္ခသည်များကိုတွေ့ရစဉ်

စစ်တွေ၊  ဧပြီ ၂၆ ။            ။ ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်း ဒေသများတွင် အခြေချနေထိုင်သူအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် သက်မွေးဝမ်းကြောင်း လုပ်ကိုင်ရပ်တည်လျှက်ရှိကြရာ လက်ရှိအချိန်တွင် ဒေသမတည်ငြိမ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြပြီး ယခုလအတွင်း နေအိမ်သို့မပြန်နိုင်ပါက ယခုနှစ်ကောက်စိုက်ချိန်မှာ နောက်ကျမည်ဖြစ်သဖြင့် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များက ပြောသည်။

“ကျွန်မတို့က တောင်ယာ လုပ်တယ်။ ကိုင်းလုပ်တယ်။ တခြားစီးပွားရေးမရှီဘူး။ စိုက်ခင်းတွေပြီးတဲ့ အချိန်မှာ ဝါးခုတ်တယ်။ ထင်းခုတ်တယ်။ ယာမှာ စိုက်ထားတဲ့အသီးအနှံတွေထွက်ရင်အဲဒါကို   ရောင်းစားပြီးတော့နေကြတာ။ အခုက တောင်ယာမှာ ကောက်စိုက်တဲ့ အချိန်ပါ။ ကောက်စိုက်နေတဲ့အချိန်မှာ အခုလိုထွက်ပြေးနေရတော့ အခက်အခဲရှိတယ်။ နောက်လတွေမှာ စိုက်လို့မရတော့ဘူး။ ရွာကိုလည်း ဘယ်နေ့ပြန်ရမလဲမသိဘူး။ တိုက်ပွဲတွေတော့ မဖြစ်တော့ဘူး။ စစ်သားတွေက ရွာမှာရှိနေကြတယ်။ မသွားရဲဘူး။ အခုလည်း ယာခင်းတွေကို ထားပြီးပြေးလာရတာ တောင်ယာမှာ   ကောက်မစိုက်ရရတော့ ထမင်းငတ်တော့မှာဘဲ။” ဟု စစ်ဘေးရှောင် တောင်သူ ဒေါ်သာနှင်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်သည် မျိုးရွာသွန်းမှု များပြားသည့်အတွက် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများမှာ ကောက်ချချိန် နောက်ကျပါက စပါးနှင့် တခြားသီးနှံများမှာ အပင်ပေါက် ရောက်မှုနည်းပါးပြီး သီးနှံများ မဖြစ်ထွန်းသည့်အတွက် မေလဆန်းလောက်တွင် အပြီးသတ် ကောက်ချရကြောင်း ယင်းသို့ ကောက်စိုက်ချိန်တွင် တောင်သူများမှာ ထွက်ပြေး တိမ်းရှောင်နေကြရသည့်အတွက် အစားဆန်ရေများ လုံလောက်စွာ ရရှိတော့ မည်မဟုတ်ကြောင်း သူကဆိုသည်။

 ယခုအချိန်သည် ဆောင်းသီးနှံ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများမှာလည်း သီးနှံများ ရိတ်သိမ်းသိုလှာင်ချိန်ဖြစ်ကာ ရိတ်သိမ်းထားသော သီးနှံများကို ရောင်းချရန်အတွက် အခက်အခဲရှိပြီး မိုးတွင်းကာလတွင် စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း ယခုကဲ့သို့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ကို လုံးဝ မလိုလားကြောင်း   ဒေသခံစစ်ဘေးရှောင်များက ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များမှ နေရပ်တိမ်းရှောင်နေရသော တောင်ပေါ်နေ တောင်ယာစိုက်ပျိုးသူ စုစုပေါင်း ၁၇၀၀ ထက်မနည်းရှိကြောင်း ရခိုင်အမျိုးသားပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly